Home
မြန်မာသတင်း
လွိုင်လင်လေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၇ ဦးခန့် သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ
DVB
·
August 30, 2021

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်လင်လေးမြို့နယ်၊ ဒေါတဟေးကျေးရွာနီး ဩဂုတ် ၂၉ ရက် ညနေပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း  အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၇ ဦး သေဆုံးသွားတယ်လို့ တိုက်ပွဲတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့  KNDF တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

လွိုင်လင်လေးမြို့နယ်၊ ဒေါတဟေးကျေးရွာအနီး မနေ့ ညနေပိုင်း ၅ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့  ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဘက်က  ဩဂုတ် ၂၈ ရက်နေ့ ထိတွေ့တိုက်ပွဲအတွက် ဒဏ်ရာရတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်လာကယ်ထုတ်ဖို့ စစ်ကူစစ်ကြောင်းလာရာမှာ ကရင်နီပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့တာလို့ KNDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ 

“အရှေ့တရက်မှာက သူတို့ဒဏ်ရာအများအပြားရတယ် ထင်တယ်။ ဒဏ်ရာရနေတဲ့ အဖွဲ့တွေကို သူတို့တွေက လာပြီးတော့မှ ကယ်ထုတ်တာ ဖြစ်မယ်ထင်တယ်။ ဆိုတော့ သူတို့တွေက စစ်ကြောင်း ထပ်ထိုးလာတောပေါ့လေ။ သူတို့ကို လာကယ်ထုတ်မယ့်အဖွဲ့ကို ကျနော်တို့က ပြန်ပြီးတော့ လိုက်တာပေါ့လေ။ လိုက်ရင်းနဲ့ သူတို့နဲ့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲက ကျနော်တို့ ၅ နာရီ ၆ မိနစ်လောက်မှာ စဖြစ်တာ ၅ နာရီ ၅၄ မိနစ်မှာ ပြီးသွားတယ်။ သူတိုဘက်တော့ ကျဆုံးတာတွေ ရှိတောပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ ဗွီဒီယို ဓာတ်ပုံတော့ မရိုက်နိုင်ဘူး။ သူတို့သေတဲ့နားတွေတော့ ကျနော်တို့ ရောက်တယ်။ ရောက်ပြီးတော့ သေနတ်တွေ ဘာတွေ သိမ်းတာပေါ့လေ။ မနေ့ညနေက အကျများတယ်။ မရှိဘူးဆိုရင် ၇ ယောက်လောက် ရှိမယ်နဲ့တူတယ်။ သေသွားတဲ့သူကို သူတို့ဆွဲတာ ရှိတယ်။ ကျနော်တို့ တက်သိမ်းတာတော့ ၄ ယောက်ပေါ့လေ။ ”

သေသွားတဲ့ စစ်ကောင်စီတပ်ထဲမှာ တပ်ကြပ်အဆင့်ရှိသူတွေ ပါဝင်ပြီး ဩဂုတ် ၂၈ ရက်နဲ့ ၂၉ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဆီက  သေနတ် ၄ လက်၊ ကျည်ဆန်  ၁၀၀၀ ကျော် ၊ RPG လက်နက်ကြီး ၂ လုံး၊ 79 လက်နက်ကြီးကျည် အလုံး ၂၀ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

ကယားပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အခုရက်ပိုင်းအတွင်း ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကောင်စီဟာ သူတို့စပြီးတော့ အာဏာသိမ်းကတည်းက ကျနော်တို့တွေ ရိုးရိုးတောင်းဆိုလို့ မရတော့ဘူး။ လက်နက်ကိုင်လမ်းစဉ်ပဲ သွားရမယ်ဆိုတာ လူတိုင်းအကုန်လုံး နီးပါး နားလည်ကြတာပဲ။ ကျနော်တို့လည်း ထိုနည်းလည်းကောင်း အဲလိုပဲ နားလည်ထားတယ်။ စစ်ကောင်စီဆီကနေ ဘယ်လိုအနေအထားပဲဖြစ်ဖြစ်  ကျနော်တို့အာဏာပြန်ရဖို့လိုတယ်။ ဒါကြောင့်မို့ ကျနော်တို့ KNDF က KA ရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုအောက်မှာ အာဏာကို ပြည်သူလက်ထဲအထိ မအပ်မချင်း မရ၊ ရတဲ့နည်းနဲ့ ဆက်ပြီးတော့ ခုခံသွားမယ်။“

ပြီးခဲ့တဲ့ ၂ ရက်တာ တိုက်ပွဲဟာလည်း စစ်ကောင်စီဘက်က နယ်မြေကျော်လာပြီး ရှင်းလင်းရေးတွေ တောက်လျှောက်လုပ်နေတာကြောင့် ခုခံတိုက်ခိုက်ရတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးနဲ့ အနီးတဝိုက်မှာ ထိုးစစ်ဆင်နေပေမဲ့ အောက်ခြေတပ်သားတွေဟာ တိုက်ပွဲအတွင်း ကြောက်လန့်ပြီး လက်နက်ပစ်ချ စွန့်ခွာထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း KNDF က သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က ဒေါတဟေးအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်အခြေစိုက်  ၂၆၁ အမြောက်တပ်နဲ့ ၅၃၀ အမြောက်တပ်တို့က ဒီကနေ့ မနက် ၄ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဒေါတဟေးဘက်ကို ပစ်ခတ်တာတွေ ရှိတယ်လို့လည်း KNDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။ 

လွိုင်လင်လေးမြို့နဲ့ အနီးနားက ကျေးရွာတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုကြောင့် ဩဂုတ်လအတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024