မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ သြဂုတ် ၂၉ ရက် ညနေ ၃ နာရီခွဲလောက်က လူငယ် ၁ ဦးကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူမှာ တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာ၊ ပြည်လမ်းပေါ်မှာ ဒို့ခေတ်-လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားတဲ့ ကိုထက်ဝေယံအောင် (ခေါ်) ဖိုးသား ဆိုသူဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူရဲ့မိသားစုနဲ့ နီးစပ်သူတဦးက “ဆိုင်မှာ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မပြောဘဲနဲ့ အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းသွားတာ။ သူက ဆိုင်ကနေ ဘယ်မှခွာတဲ့သူ မဟုတ်ဘူး။ ဆိုင်အလုပ်ပဲ လုပ်နေတဲ့သူပါ” လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းမှာ ပြည်သူတွေကို နှိပ်ကွပ်မှုတွေက အရင်ကထက် ပိုမိုကြမ်းကြမ်းတမ်းတမ်း ပြုလုပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက “မနေ့က လမ်းသွားလမ်းလာလူငယ်တစ်ဦးရဲ့ လက်ကိုင်ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ့လို့ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက မင်းအမေခေတ် မဟုတ်တော့ဘူး။ အဖေ့ခေတ် ရောက်နေပြီလို့ပြောပြီး ရိုက်နှက်ကန်ကျောက်တာ မြင်မကောင်းဘူး” လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့က ရခိုင်ဘုရားကြီး၊ ဘုန်းတော်ကြီးကျောင်းတချို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စစ်ကောင်စီတပ်က ထပ်မံပြီးတိုးချဲ့ အထိုင်ချ တပ်စွဲနေတာ တွေ့မြင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။