ရခိုင်ပြည်နယ်မှာ ကျပ်သိန်းပေါင်း ၈ သောင်းလောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၇ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ် ကျီးကန်းပြင်စစ်ရေးဂိတ်မှာ မောင်တောကနေ ကြိမ်ချောင်းကို မောင်းနှင်လာတဲ့ နစ်ဆန်း ၈ ဘီး ဆီဘောက်ဆာကားကို ပူးပေါင်းအဖွဲ့က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။
စစ်ဆေးစဉ် ခုန်ချထွက် ပြေးသွားတဲ့ အသက် ၃၁ နှစ်ရှိ ယာဉ်မောင်း အောင်ကျော်လှိုင် (ခ) အောင်ကျော်(ခ)ဂေါက်ကြီးကို လိုက်လံဖမ်းဆီးရာ ညနေ ၆ နာရီလောက်မှာ စစ်ဆေးရေးဂိတ်နဲ့ ၆ ဖာလုံလောက်အကွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီနောက်ကားရဲ့ ဆီလှောင်ကန်ကို ဖွင့်ဖောက်စစ်ဆေးရာ ဆာလာအိတ်တွေနဲ့ ထည့်ထား တဲ့ ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံတန်ဖိုးကျော်ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၈၀၀ ဂရမ် သိမ်းဆည်းရမိလို့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ပြီး ကွင်းဆက်တွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။