ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁ ရပ်ကွက်အတွင်း ဇနီးမောင်းနှံနှစ်ဦး သြဂုတ် ၂၉ ရက် မနက်အစောပိုင်းက သေနတ်နဲ့ပစ်ခံလိုက်ရလို့ အမျိုးသားသေဆုံးသွားပြီး အမျိုးသမီးက ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ နှစ်လုံးထီရောင်းချပြီး ရဲသတင်းပေး ဒလန်လုပ်နေသူလို့ နာမည်ကျော်စောတဲ့ ဇနီးမောင်နှံ ဖြစ်တယ်လို့ လှိုင်မြို့နယ် နယ်ခံပြည်သူတဦးက ပြောပါတယ်။
“ဦးတင်လှိုင်နဲ့ သူ့မိန်းမကို အင်းစိန်လမ်းမနဲ့ ဘူတာရုံလမ်းဆုံမီးပွိုင့်မှာ မီးပွိုင့်မိနေချိန် တခြား ကားတစ်စီးပေါ်ကနေ အနီးကပ်ပစ်လိုက်တာလို့ သိရတယ်။ မီးပွိုင့်က CCTV ကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးနေတယ်။ အနီးအနားကလူတွေကို မေးမြန်းတာတွေလုပ်သွားတယ်၊ လမ်းတော့ခဏပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပြီ၊ ဦးတင်လှိုင်ကတော့ ပွဲချင်းပြီးပဲ၊ သူ့မိန်းမကတော့ ဒဏ်ရာရလို့ ဆေးရုံရောက်သွားပြီ” လို့ ပြောပါတယ်။
ပစ်သတ်ခံခဲ့ရသူ ဦးတင်လှိုင်ဟာ စစ်အာဏာသိမ်း စတင်တဲ့ကာလက ရပ်ကွက်အတွင်း သပိတ်မှာ ပါဝင်သူတွေ၊ အိမ်တွင်း သံပုံးတီးကြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ လိုက်လံ ပြသခဲ့တာကြောင့် ဖမ်းဆီးခံရသူနဲ့ ထွက်ပြေးတိမ်းရှောင်ရသူ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။