စစ်ကောင်စီလက်ကိုင်တုတ်တွေအဖြစ် လုပ်ကိုင်နေသေးတဲ့ ရွှေပြည်သာမြို့နယ်က အုပ်ချုပ်ရေးမှူး ၂ ယောက်နဲ့ စစ်ကောင်စီသတင်းပေးတယောက်တို့ကို ရွှေပြည်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။
သူတို့နာမည်တွေနဲ့အတူ သေနတ်နဲ့ ကျည်ဆန်တွေကို PDF ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြလိုက်တာပါ။
အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနဲ့အပေါင်းအပါတွေ၊ စည်ပင်ကော်မတီဝင်ဟောင်း ဦးသက်ဝေ၊ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းအောင်နဲ့ အပေါင်းအပါတွေကို ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ သတိပေးထားပါတယ်။
တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင်တော့ သူတို့ရော မိသားစုတွေရဲ့ အသက်ပါ လုံခြုံမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ဖော်ပြထားတာပါ။
ရွှေပြည်သာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရွေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးတွေကို သတိပေးအရေးယူတာတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။
အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိုးရဲအိမ်ကို ဇွန် ၂ ရက်နေ့က ဗုံးပစ်ခံရဖူးပြီး ဦးလှမျိုးရဲ့ မိသားစုတွေရှိနေခဲ့ပေမဲ့ ဆင်းပြေးကြလို့ ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီကိစ္စကြောင့် ဦးလှမျိုးက ရပ်ကွက်ကို ကြိမ်းမောင်းခဲ့ပြီး အဲဒီနေ့ညမှာပဲ ဧည့်စာရင်းစစ်ပြီးနောက် အမျိုးသား ၂ ယောက် ဖမ်းခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီနောက် ဇွန် ၆ ရက်နေ့ကလည်း ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံခဲ့ရပါတယ်။