မြန်မာ့အုပ်ချုပ်ရေးကဏ္ဍရဲ့ စစ်တပ်မျိုးဗီဇ

ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံရဲ့စစ်အာဏာသိမ်းမှုဟာ အခုအခါ တဖြည်းဖြည်းနဲ့ သတင်းခေါင်းကြီးပိုင်းတွေနဲ့ လူတွေရဲ့စိတ်ထဲမှာ မှေးမှိန်ပျောက်ကွယ်လို့နေပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှုဟာ စစ်အစိုးရကို ဒီမိုကရေစီစံနစ်ဆီသို့ ပြန်သွားဖို့ တောင်းဆိုရုံမျှဖြစ်ပြီး ပြောတဲ့အတိုင်းမလုပ်ရင် အဲဒါအတွက်ပေးဆပ်ရမယ်ဆိုတာမျိုး မဟုတ်ခဲ့ပါဘူး။ ဒါကိုအောင်မြင်မှုအရှိဆုံး တုံ့ပြန်မှုရယ်လို့ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းနဲ့ ပြည်ပမှာ စစ်အာဏာသိမ်းမှုကို အမှန်တကယ်ဒေါသတကြီး ဖြစ်ခဲ့တဲ့သူတွေတောင်မှအာဏာသိမ်းမှုရဲ့ အဖြစ်မှန်တွေကြောင့်သာမဟုတ်ဘဲ နောက်ထပ် စစ်တပ်အုပ်ချုပ်မှုရှည်ကြာဦးမယ့် ဖြစ်နိုင်ခြေတွေကြောင့်လည်းပဲ၊ စိတ်လျှော့လိုက်ပုံရပါတယ်။ အခုအခါ နိုင်ငံအများစုဟာ ဂုဏ်သိက္ခာပိုင်းအရ ဒီမိုကရေစီပြန်လည်ထွန်းကားအောင် တိုက်ပွဲဝင်နေတဲ့သူတွေနဲ့သာ ဆက်ဆံဖို့မဟုတ်တော့ဘဲ လက်တွေ့ကျတဲ့ရွေးချယ်မှုတရပ်အဖြစ်နဲ အာဏာကိုဆုပ်ကိုင်ပြီး ပေါ်ထွက်လာမယ့် ဘယ်သူနဲ့မဆို ဆက်ဆံရေးထူထောင်ဖို့ ဦးတည်နေကြပါပြီ။

အိန္ဒိယရဲ့ မြန်မာနဲ့စိတ်ပိုင်းဆိုင်ရာ နှီးနွှယ်မှုများစွာ ခိုင်ခိုင်မာမာရှိသင့်ခဲ့တဲ့ကာလတွေဟာ နောက်အကျဆုံး ဗြိတိသျှလက်အောက် အိန္ဒိယရဲ့ ၁၉၃၇ ခုနှစ်အထိပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စာရေးဆရာ အရှိုးမီထရာက လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအကြာက ကာလကတ္တားနေ့စဉ်သတင်းရဲ့ “A Dose of Heresy” ဆိုတဲ့ “ဘာသာအယူဝါဒရဲ့ဆေးတခွက် ”ကဏ္ဍမှာထောက်ပြခဲ့သလို၊ အိန္ဒိယဟာ ပင်ကိုယ်အားဖြင့် အရှေ့ဘက်ကိုမျှော်ကြည့်နေတာ မဟုတ်ခဲ့ပါဘူး။

အရင်ကဘားမားလို့ ခေါ်ခဲ့ပြီး အခုမြန်မာဖြစ်လာတဲ့နိုင်ငံဟာ အိန္ဒိယနဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးကြိုပမ်းမှု အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ ဒါကိုသတိမပြုမိသလောက်ပါပဲ။ အိန္ဒိယကမြန်မာတဲ့အတူ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီး သီးသန့်ဖြစ်ခဲ့တာတောင်မှ တုံ့ပြန်မှုတွေက ခပ်ဆင်ဆင်ဖြစ်ခဲ့လိမ့်မယ်လို့ စာရေးဆရာမီထရာက လွန်လွန်ကျူးကျူး တင်စားထောက်ပြခဲ့တဲ့အတိုင်း နောက်ပိုင်းမှာဖြစ်ခဲ့ပါတယ်။  အထူးသဖြင့် တရုတ်ရဲ့ဒေသတွင်း အရိပ်ထိုးမှု ကြီးမားလာတဲ့အလျှောက် အခုအခါမှာ အခြေအနေတွေပြောင်းလဲခဲ့ပါပြီ။ မြန်မာ့စစ်အာဏာသိမ်းမှုဟာ တိုင်းပြည်ရဲ့ ပြည်တွင်းရေးဖြစ်တယ်လို့ သတ်မှတ်ဆောင်ရွက်မလား မဆောင်ရွက်ဘူးလားဆိုတာနဲ့ပတ်သက်ပြီး အကျဉ်းအကျပ်ကျနေစဉ်မှာပဲ၊ အိန္ဒိယအနေနဲ့ အနည်းဆုံးတော့ သူ့နယ်မြေထဲ အပူတပြင်းရောက်လာတဲ့ မြန်မာ့နိုင်ငံရေးခိုလှုံသူတွေအတွက် ဒုက္ခသည်ဆိုင်ရာမူဝါဒချမှတ်သင့်နေပြီဖြစ်ပါတယ်။ အရှည်သဖြင့်မြင်ကြည့်ရာမှာတော့၊ အိန္ဒိယဟာပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ဖွံဖြိုးတိုးတက်ရေးလုပ်နိုင်သလောက်လုပ်ခဲ့သလို သူ့ရဲ့အရှေ့ဘက်မှာရှိနေတဲ့ မြန်မာနိုင်ငံပေါ် စပြီးစိတ်ဝင်တစားဆောင်ရွက်ဖို့ သမ္မာသတိရှိဖို့ လိုပါလိမ့်မယ်။

ဘယ်လိုစဉ်းစားမှုမျိုးမှာမဆို၊ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံတဲ့ပြုပြင်မွမ်းမံမှုမရှိဘဲ တိုင်းပြည်ရဲ့ အရပ်သားအုပ်ချုပ်မှုဟာ ဘယ်သောအခါမှ ပြီးမြောက်နိုင်လိမ့်မှာမဟုတ်ဘူးလို့ မြန်မာ့အရေးနဲ့ ပတ်သက်ရင်စိတ်ထဲမှာ စွဲမှတ်ထားဖို့လိုပါတယ်။

တကယ်တော့ ဒါဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက အများအား ဖြင့် ကိုလိုနီခေတ်ရဲ့ နောက်ပိုင်းနှစ်တွေမှာ တိုင်းပြည်ဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တခုအကြာ တစိတ်တပိုင်းဒီမိုကရေစီ ပြန်လည်ရှင်သန်ခဲ့ပြီး အခုအခါမှာတော့ နောက်တခါ လည်မျိုအညှစ်ခံထားရပြန်ပါပြီ။ ဒါကိုအဖြေရှာဖို့ လတ်တလောဖွင့်ဆိုမှုဖြစ်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အာဏာမွတ်သိပ်မှုဆိုတာကို ကျော်လွန်ပြီးသွားရပါလိမ့်မယ်။

ဒါဟာလွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲဝင်ခဲ့တဲ့စစ်တပ်မှာ အမြစ်တွယ်နေပြီးဖြစ်တဲ့ မွေးရာပါ အမွေဆက်ခံလာခဲ့တဲ့ မျိုးဗီဇတခုပါ။ နိုင်ငံရေးအခင်းအကျင်းမှာ အုပ်ထိန်းသူအဖြစ် မျိုးချစ်တပ်မတော်ရဲ့အခန်းကဏ္ဍကို ရှိနေစေမယ့် အရင်းခံသဘောတရားလည်း ဖြစ်ပုံရပါတယ်။ ဒီလိုသမိုင်းကြောင်းမျိုးနဲ့စစ်တပ်တခုဟာ အရပ်သားအစိုးရတရပ်ရဲ့ လက်အောက်ခံဖြစ်နိုင်ပါ့မလား၊ စိတ်ကူးယူဆချက်တခုအရ၊ အကယ်၍ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို လွတ်လပ်စေခဲ့တဲ့ အိန္ဒိယအမျိုးသားတပ်မတော် (အိုင်အန်အေ)ရဲ့ မျိုးဗီဇဟာ ဒီကနေ့ အိန္ဒိယအမျိုးသားတပ်မတော်မှာ ရှိနေပါလိမ့်မလား။ 

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံစစ်မြေပြင် ဦးစီးကွပ်ကဲခဲ့တဲ့ ဖီးလ်မာရှယ်ဝီလျှံစလင်းရေးတဲ့ ”အောင်ပွဲဆီသို့” ဆိုတဲ့စာအုပ်မှာ စိတ်ဝင်စားစရာ သဲလွန်စတခုရှိနေပါတယ်။ သူကဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်၊ ပြည်သူ့တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ နောက်ပိုင်း ဗမာ့အမျိုးသားတပ်မတော် တည်ထောင်သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တွေနဲ့ တိုက်ခိုက်ပြီးနောက် တချို့နှစ်တွေမှာ ဗြိတိသျှတွေနဲ့ ပူးပေါင်းဖို့ ညှိနှိုင်းလိုတဲ့အကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒါဟာဖီးလ်မာရှယ်စလင်းအနေနဲ့ မြန်မာပြည်စစ်မြေပြင်မှာ အောင်ပွဲရနေပြီး ဂျပန်တွေဆုတ်ခွာပြီးတဲ့အချိန် ၁၉၄၅ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဒါကိုအခွင့်အရေးယူခဲ့သလား၊ မယူခဲ့ဘူးလားဆိုတာကတော့ နောက်ထပ်မေးခွန်းတခုဖြစ်ပါတယ်။ ဗမာ့အမျိုးသားတပ်မတော်က စစ်ရေးအရကမ်းလှမ်းမှု အနည်းငယ်ရှိမှာဖြစ်ပြီး ဗမာ့မျိုးချစ်စိတ်က ဗြိတိသျှတွေအတွက် စစ်ကြီးပြီးရင် ခေါင်းခဲစရာဖြစ်လိမ့်မယ်လို့ ယုံကြည်နေတဲ့သံသယပွားသူတွေ ဗြိတိသျှဘက်မှာ အများအပြား ရှိနေတာပါ။ သို့ပေမဲ့ ပစိဖိတ်စစ်မြေပြင်ရဲ့ စစ်သေနာပတိဖြစ်သူ လော့ဒ်မောင့်ဘက်တန်က ဖီးလ်မာရှယ်စလင်းရဲ့ အဆိုပြုချက်ကို အကြိုက်တွေ့ခဲ့ပြီး တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။

၁၉၄၅ ခုနှစ်မေလ ၁၅ ရက်နဲ့ ၃၀ ရက်တွေမှာ ဖီးလ်မာရှယ်စလင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ နှစ်ကြိမ်စလုံး မိတ္ထီလာရှိ ဗြိတိသျှစစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့ကြတာပါ။ ပထမအစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးအကြိုဖွဲ့မယ့် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ)အစိုးရမှာ သူကိုယ်တိုင် မဟာမိတ်စစ်သေနာပတိ တာဝန်ယူ ပူးပေါင်းလိုကြောင်းအဆိုပြုခဲ့ပါတယ်။ ဒါကိုပယ်ချခံရပြီး ဗြိတိသျှဘက်က ဗမာ့အမျိုးသား တပ်မတော်စစ်သားတွေကို ဗြိတိသျှ ဗမာ့သေနတ်ကိုင်တပ်တွေအဖြစ် ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ မေလ ၃၀ အစည်းအဝေးမှာတော့၊ ဗိုလ်ချုပ်အောင်ဆန်းက စလင်းရဲ့ အဆိုပြုချက်ကို အခြေအနေနှစ်ရပ်အပေါ်မှာ လက်ခံခဲ့ပါတယ်။ အဲဒါကတော့သူ့ရဲ့စစ်သားတွေအတွက် လစာနဲ့ရိက္ခာကို ဗြိတိသျှတွေကပေးရမှာဖြစ်ပြီး အရေးကြီးတဲ့ အမိန့်တွေ ဗမာ့အမျိုးသားတပ်မတော်စစ်သားတွေကို ပေးတဲအခါ တော်လှန်ရေးခေါင်းဆောင်တွေထံက အကြံပြုချက်ယူရမှာဖြစ်ပါတယ်။ ဒါကိုစလင်းက သဘောတူခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးအချိန်ကာလဖြစ်တဲ့ ၁၉၄၈ ခုနှစ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးအကြိုကာလအစိုးရဟာ ဗြိတိသျှအုပ်ချုပ်ရေးရဲ့ အမွေကို ဆက်ခံခဲ့ပါတယ်။ အမှန်တကယ်နားလည်နိုင်တာကတော့ ၊ နိုင်ငံရေးနဲ့ စစ်ရေးတာဝန်ဝတ္တရားနှစ်ခုကြားမှာ ကွဲကွဲပြားပြားမရှိသေးတဲ့အချိန်က ဦးဆောင်ခဲ့တဲ့ဒီလိုအစိုးရမျိုးမှာ တော်လှန်ရေးလှုပ်ရှားမှု မျိုးဗီဇတွေအမြောက်အမြား  ပါဝင်နေလိမ့်မယ်ဆိုတာပါပဲ။ အင်ဒိုနီးရှားစစ်တပ်လိုပဲ ကာကွယ်ရေးရော၊ နိုင်ငံရေးရော ကဏ္ဍနှစ်ခုလုံးတာဝန်ယူထားတဲ့ စစ်တပ်လမ်းစဉ်အတိုင်း မြန်မာစစ်တပ်ကို မှတ်ယူနိုင်တယ်လို့ စာရေးဆရာဘာတေးလ်လစ်တနာက သူ့ရဲ့ဆောင်းပါးမှာဖေါ်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပါတီကို အာဏာလွှဲပြောင်းပေးလိုက်ခြင်းဟာ တချို့အပိုင်းတွေမှာ ဗြိတိသျှတွေကို သစ္စာခံခဲ့ပြီး ကာလရှည်ကြာသူတို့ အုပ်ချုပ်မှုအောက်မှာ အထိုင်ကျနေတဲ့ တိုင်းရင်းသားလူနည်းစုတွေကို သီးခြားခွဲထားမှုဖြစ်စေခဲ့ပါတယ်။ ပထမအနေနဲ့  လွတ်လပ်ရေးကြိုးပမ်းသူတွေအဖြစ် ရှိခဲ့တဲ့ကာလတွေကတည်းက အမွေခံလာခဲ့တဲ့ နိုင်ငံရေးမျိုးဗီဇ ကိန်းအောင်းနေတဲ့ ကာကွယ်ရေးအဖွဲ့တွေကို ရှင်းလင်းဖယ်ရှားဖို့ မတတ်နိုင်ခဲ့တာအပြင် ဒုတိယအနေနဲ့ များပြားလှတဲ့ တိုင်းရင်းသားတွေအတွင်း အာဏာခွဲဝေမှုညီမျှအောင်လုပ်နိုင်တဲ့ ဖက်ဒရယ်နိုင်ငံရေးတည်ဆောက်ပုံအရ ပြန်လည်ပြင်ဆင်ပြီး  ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ ပျက်ကွက်ခဲ့တဲ့နောက်ဆက်တွဲတွေအဖြစ် မြန်မာပြည်ပြဿနာကို မြင်နိုင်ပါတယ်။ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့ မှတ်သားစရာကတော့ စစ်တပ်ဦးဆောင်တဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီး တူညီတဲ့စိန်ခေါ်မှုတွေကြုံခဲ့ရတဲ တခြားနိုင်ငံတွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။

ဘာပဲပြောပြော အမေရိကန်ပြည်ထောင်စုရဲ့ လူတိုင်းသေနတ်ကိုင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အငြင်းပွားစရာ ဒုတိယအကြိမ်ဥပဒေပြင်ဆင်ချက်ကတော့ တိုင်းပြည်ရဲ့ သူ့နည်းသူ့ဟန်နဲ့ စစ်တပ်မျိုးဗီဇကို ရှင်းလင်းသန့်စင်စေတဲ့ နည်းလမ်း ဖြစ်နေပါတော့တယ်။

စာရေးသူ။ ပရာဒိ  ဖန်ဂျိုယူဘန် (အယ်ဒီတာ၊ အင်ဖါနိုင်ငံရေးနဲ့ အနုပညာသုံးသပ်ချက်စာစောင်)

ပြန်ဆိုသူ၊အေးမင်း(တာမွေ)

(The New Indian Express ဝဘ်ဆိုက်မှာ  ဩဂုတ် ၂၈ ရက်ကဖော်ပြထားတဲ့ ဆောင်းပါးရှင်  Pradip Phanjoubam ရဲ့ The military DNA in Myanmar’s governance ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Illustration Credit-Amit Bandre

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up