Home
မြန်မာသတင်း
ထွက်ပြေးတိမ်းရှောင်နေသည့် ကျေးဇူးတော်ရွာသားများကို ပြန်လာရန် စစ်ကောင်စီတပ်က ဖိအားပေး
DVB
·
August 28, 2021

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေအနေနဲ့ ရွာကိုပြန်လာဖို့နဲ့ မပြန်လာပါက တောနင်းရှာချိန် ပစ်ခတ်မယ်လို့ စစ်ကောင်စီက ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျေးဇူးတော် ကျေးရွာသူရွာသားတွေကို ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ကျေးဇူးတော်ကျေးရွာဟာ ကေအန်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အတွင်းက ကျေးရွာဖြစ်ပြီး ထားဝယ်မြို့နဲ့ ၃၃ မိုင်ခန့်ကွာဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။

အဆိုပါကျေးရွာမှာ PDF တွေ၊ CDM ဝန်ထမ်းတွေ ရှိတယ် သတင်းကြားရလို့ ဝင်ရောက်ရှာဖွေမယ်ဆိုတဲ့ သတင်းကြောင့် ရွာသားတွေက ကြောက်ရွံ့ပြီး ဩဂုတ် ၂၃ ရက်က ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဆိုပါကျေးရွာဟာ ကေအန်ယူ ထိန်းချုပ်ကျေးရွာဖြစ်ပြီး ကေအန်ယူ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းကာ သြဂုတ် ၂၆ ရက်က ရွာထဲကို ဝင်ရောက်လာခဲ့ကြောင်း ကျေးဇူးတော်ရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရွာတွင်း ရွာသူရွာသားတွေ မရှိတဲ့အတွက် ရွာသူရွာသားတွေနဲ့ ပြန်လာဖို့ မပြန်လာပါက တောနင်းရှာချိန် ပစ်ခေတ်မယ်ဆိုတာ ပြောဆိုနေတယ်လို့ ပြောပါတယ်။

“အခု သူတို့က ရွာထဲကို ရောက်ချတော့ ရွာသားတွေ တယောက်မှမရှိတော့ ရွာသားတွေရဲ့ ဖုန်းနံပါတ် ဘယ်ကရလဲ မသိဘူး။ ရွာသားတွေဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးမှ ရွာသားတွေကို ပြန်လာခိုင်းတယ်။ ပြန်လာပါ ဘာမှ မဖြစ်စေရဘူး။ မြို့နယ်ထွေအုပ်က ဖုန်းဆက်တယ်။ သူတို့ အာမခံတယ်ပေါ့နော်။ မကျေနပ်သေးရင်လည်း တိုင်းဦးစီးအထိပါ သူတို့ အာမခံတယ်ပေါ့။ တကယ်လို့ မပြန်လာဘဲ တောမှာပဲနေလို့ရရှိရင် သူတို့တောနင်းတဲ့အချိန်ကျလို့ရှိရင် မှားပြီး ပစ်ခတ်မိမယ်တဲ့။ ကျနော်တို့ရွာသားတွေကလည်း စစ်တပ်ရှိနေရင် ကျနော်တို့ မပြန်လာရဲဘူး။ အခု ရပ်မိရပ်ဖတွေကလည်း တောထဲမှာ တယောက်တနေရာဆိုတော့ လူတွေက တကွဲတပြား ဖြစ်နေတဲ့အခါကျတော့ လိုက်ရှာနေရတယ်။ သူတို့ကလည်း ဖုန်းခဏခဏဆက်နေတယ်။ ပြန်လာပြီး သူတို့ ရှင်းပြတာကို နားထောင်ပေးဖို့ပေါ့၊ ရွာသားတွေကလည်း မယုံဘူး။ သူတို့ ဘယ်လိုပဲ အာမခံ၊ အာမခံပေါ့ လုံးဝမယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရွာက အရင်တုန်းက အိုင်ဒီပီရွာ၊ အရင် ၈၈ မတိုင်ခင်က တခါ၊ ၈၈ တုန်းက တခါ၊ ၉၂ မှာတခါ တခါပြီးတခါ ထွက်ပြေးခဲ့ကြရတယ်။ အဲမှာ ၂၀၁၂ ပဏာမငြိမ်းချမ်းရေးမှာမှ ကျနော်တို့ ပြန်လာနေတာ၊ ၂၀၁၃ မှာ တဖြည်းဖြည်းနဲ့ ပြန်လာစုကြတာ။ သူတို့က လေးမှန်ဖူးတဲ့ စာသူငယ် ဖြစ်နေတာ။ ပြန်ခေါ်ဖို့က လုံးဝ ပြန်လာရဲမှာ မဟုတ်ဘူး။”

ကျေးဇူးတော်ကျေးရွာဟာ ထားဝယ်မြို့မှ ၃၃ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၅၆ လုံးရှိပြီး လူဦး ရေ ၂၀၀ ကျော် နေထိုင်တဲ့  ကရင်တိုင်းရင်းသား ကျေးရွာတရွာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေထဲမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ ၂၅ ဦး ရှိပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ အဆိုပါရွာသားက ပြောပါတယ်။

ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေထိုင်ရေး အမိုးအကာနဲ့  ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024