Home
မြန်မာသတင်း
မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၀ သန်းကျော်ရရှိထား
DVB
·
August 27, 2021

မြန်မာ့ရေထွက်ကုန်တင်ပို့မှုကနေ အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၅၀ သန်းကျော်ရရှိထာပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ရရှိခဲ့တဲ့ ဝင်ငွေကို မီဖို့တော့  ဒေါ်လာ သန်း ၆၀ ကျော် လိုသေးတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကာလမှာ မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၅ ဒသမ ၃ သန်းကျော်ရရှိခဲ့ပြီး အခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ်(သြဂုတ် ၈ရက်အထိ)မှာ မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၀ ဒသမ ၈ သန်းကျော်ရရှိထားပါတယ်။

ဒါကြောင့် ယမန်နှစ်တင်ပို့မှုပမာဏကို မီဖို့  အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ကျော် လိုအပ်နေတဲ့ အနေအထားပါ။

လက်ရှိတင်ပို့မှုအခြေအနေကိုပြန်ကြည့်ရင် အခုဘဏ္ဍာနှစ်ရဲ့  ၁၀ လတာကာလအတွင်းမှာ တင်ပို့မှုက ရရှိတဲ့ငွေက အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော်ရရှိထားပြီးဖြစ်လို့ ပျမ်းမျှ တလလျှင် အမေရိကန်ဒေါ်လာ ၆၅ သန်းစွန်းစွန်း ရရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ကျန်ရှိတဲ့ ၂ လတာအတွင်းမှာ ယမန်နှစ်တင်ပို့မှုဝင်ငွေအား ပြည့်မီနိုင်ဖို့ အားထုတ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်  ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်ပကို မြန်မာ့ရေထွက်ကုန်တင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၂၈ သန်းကျော် ရရှိခဲ့တာကြောင့် အဆိုပါပမာဏက ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ စံချိန်သစ်လို့ ဆိုနိုင်ပါတယ်။

မြန်မာ့ရေထွက်ကုန်တင်ပို့မှုစျေးကွက်ကိုကြည့်ရင် ရေထွက်ကုန်တင်ပို့မှုရဲ့  ၇၀ ရာခိုင်နှုန်းကျော်က တရုတ်စျေးကွက်ကို အဓိက တင်ပို့နေပြီး  ဒီနောက်မှာ ထိုင်းနိုင်ငံ၊ ဂျပန်နဲ့  အီးယူနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေပါတယ်။

အဓိက တင်ပို့တဲ့ ရေထွက်ကုန်အမျိုးအစားတွေကတော့  ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နဲ့ ဂဏန်း စတာတွေ ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024