
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ပုလဲမြို့နယ်ကြား တစ်နေရာမှာ သြဂုတ် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကြိုပင်ရွာရဲ့အနောက်ဘက် ပင်တောင်ကလေးခြေရင်းက တောထဲတစ်နေရာမှာ စစ်ကောင်စီတပ်တွေ အနားယူနေတုန်း ဒေသခံ PDF အဖွဲ့က အလစ်ဝင်ရောက်စတင်ပစ်ခတ်ရာ ကနေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် အနီးနားမှာရှိတဲ့ တောင်ယာလုပ်နေသူတွေ ထွက်ပြေးခဲ့ရပြီး တဲ ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ဖြစ်ပွားခဲ့တိုက်ပွဲဟာ ကြိုပင်ကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တွေ ပစ်ခတ်ကြတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ချိန် ၁၅ မိနစ်ခန့်ရှိတယ်လို့သိရပြီး နှစ်ဖက် ထိခိုက်မှု အခြေနေတော့ မသိရသေးပါဘူး။