စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း ဆက်ကြေးတောင်းနေတဲ့ ပန်းဆက်ကျေးရွာက စစ်ကောင်စီတပ်နဲ့ပျူစောထီအဖွဲ့ လိုက်ပါလာတဲ့ စက်လှေ ၃ စီး ဩဂုတ် ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက “သြဂုတ်လ ၂၆ ရက် ညနေ ၃နာရီ ကျော်အချိန်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ပျူစောထီးအဖွဲ့ စုစုပေါင်း အင်အား ၃၀ ရှိမယ်ထင်တယ်ဗျ။ မင်းကင်းနယ် ချင်တွင်းမြစ်ကမ်းဘေးက ရွာတွေနဲ့ မော်တော်တွေကို ဒီကောင်တွေ ဆက်ကြေးတောင်းရအောင် လှေသုံးစီးနဲ့လာတယ်ဗျ။ အဲတာကို ကျနော်တို့သိလို့ ကျနော်တို့ ကြိုတင်ပြင်စဉ်လက်ဦးမှု ရယူက စတိုက်ခဲ့တယ်။ ကျနော်တို့ စနိုက်ပါနဲ့ လှမ်းပစ်တာ မော်တော်ပေါ်မှာကို နှစ်ယောက်လည်း သွားတာတွေ့လိုက်ရတယ်။ နောက်သူတို့ မော်တော်တစ်စီးလည်း နစ်သွားတယ်ဗျ" လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်အကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်က မြစ်ကမ်းပါးပေါ်ကနေ အသာစီးယူ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုများပြီး PDF ဘက်က ထိခိုက်ဒဏ်ရာတာ မရရှိဘူးလို့ ဆိုပါတယ်။
မင်းကင်းမြို့နယ် ပန်ဆက်ကျေးရွာ၊ တောင်ဖြူကျေးရွာနဲ့ အနီးဝန်းကျင်တွေက အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ပျူးစောထီးအဖွဲ့တွေက ရှာဖွေဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်နေတာကြောင့် ကနီမြို့နယ်မြို့နယ်ဘက် နေ့စဉ်ထွက်ပြေးခိုလှုံနေကြရပါတယ်။
ချင်းတွင်းမြစ်အတွင်း စက်လှေ ၃ စီး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
ပုံစာ - ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်လုံခြုံရေးအပြည့်ယူထားသည့် ကျောက်စိမ်းတင်စက်လှေတစီးအား တွေ့ရစဉ်