မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်က နာယကဆရာတော်နှစ်ပါး ကို စစ်ကောင်စီက မတရားဖမ်းဆီးထားပြီး ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပါတယ်။
မတရားဖမ်းဆီးခံရ ဇမ္ဗူအေးစာချကျောင်း ဆရာတော် ဦးသြဘာသနဲ့ ရွှေဝါဝင်းကျောင်း ဆရာတော် ဦးကောသလ တို့ကို ဖမ်းဆီးပြီး တစ်လခန့်အကြာမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
“အပြစ်မရှိဘဲ မတရား ဖမ်းဆီးသွားတဲ့ မြတောင်တိုက် နာယက ဆရာတော် နှစ်ပါး ဒီနေ့ ပြန်လည်လွတ်မြောက်လာတယ်။ ဖမ်းသွားပြီး နောက်ရက် လူဝတ်လဲဖို့ နာယကဆရာတော်ကြီးကို လာလျှောက်တယ်။ ဆရာတော်ကြီးက လက်မခံလို့ လူဝတ်မလဲရဘူးလို့တော့ သိရတယ်။ တခြားအခြေအနေတော့ မသိရသေးဘူး။” လို့ မြတောင်တိုက်မှာ သီတင်းသုံးတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
ဇူလိုင် ၂၉ ရက်က စစ်ကောင်စီ တပ်တွေဟာ ကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေရာ လူငယ်တစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ လူငယ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို လက်ခံတယ်ဆိုပြီး ဆရာတော် နှစ် ပါးကို စစ်ကောင်စီတပ်သားတွေက မတရား ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။