ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီး ဒေါ်ခင်စန္ဒာဝင်းနဲ့ ကလေးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဦးနိုင်ငံလင်း မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။
“အစတုန်းက သူ (ဒေါ်ခင်စန္ဒာဝင်း) က အကျယ်ချုပ်၊ သူတို့ကို ခြံထဲမှာ အကျယ်ချုပ်ထားထားတာ။ အဲဒီကနေ ထောင်ဝင်စာတွေ့လို့ရတယ်ဆိုတော့ သွားတွေ့နေတယ်နဲ့ တူပါတယ်။ အရင်တုန်းကတော့ သူများနဲ့ထောင်ဝင်စာတွေ့နေတာ၊ နောက်ပိုင်းကျတော့ သူတို့တွေ့လိုရတယ်ဆိုလို့ ထောင်ဝင်စာသွားသွားတွေ့နေတယ်။ ဒီနေ့ကျမှ ဘယ်လိုဖြစ်တယ် မသိဘူး။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဒီနေ့ကျမှ ဆွဲစိလိုက်တာ။ ” လို့ပြောပါတယ်။
သူတို့မိသားစုဟာ ဦးနိုင်ငံလင်း လူမှုရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က နေထိုင်ခွင့်ပြုခဲ့တဲ့ ခြံနဲ့အိမ်မှာ အကျယ်ချုပ်ကျခံနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးကတည်းက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။