အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကေအိုင်အို ဌာနချုပ် လိုင်ဇာရှိ မုန်လိုင်ခက် ချောင်းရေကြီးနေပြီး ဩဂုတ်လ ၂၅ ရက်မနက်ပိုင်းမှာတော့ မြို့တွင်းလမ်းမတွေအထိ ရေတွေ ဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လိုင်ဇာ ဒေသခံ တစ်ဦးက “မိုးရွာနေတာ ကြာပြီ၊ ခါတိုင်းလည်း ဒီမုန်လိုင်ခက်ချောင်းက ကြီးနေကျပဲ၊ ဒီမနက်က ပိုကြီးလာတယ်၊ ရက်ကွက်တွင်းတချို့ လမ်းမပေါ်တွေထိ တောင်ကျချောင်းရေတွေ ကြီးနေဆဲဖြစ်တယ်” လို့ ပြောပါတယ်။
ဒီကနေ့မနက် တောင်ကျချောင်းရေ အရှိန်အဟုန်နဲ့ ကြီးလာတာကြောင့် ချောင်းတစ်ဖက်ကမ်းရှိ တရုတ်နယ်စပ်ခြံစည်းရိုးတွေ ချောင်းထဲမျောပါပျက်စီးသွားခဲ့တာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။