မြောက်ကိုရီးယားခေါင်းဆောင် ဦးလေးဖြစ်သူကို သေဒဏ်စီရင်

Photo by Reuters
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ဦးလေးတော်စပ်သူလည်းဖြစ်၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုတိယ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံရတဲ့ ဂျန်ဆောင်တိတ် (Jang Song Thaek) ကို နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ သေဒဏ်စီရင်လိုက်ပြီလို့ မြောက်ကိုရီးယားပိုင် ကေစီအန်အေ သတင်းဌာနက ကြေညာပါတယ်။ [caption id="attachment_48362" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] အမျိုးသားကာကွယ်ရေးကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အလုပ်သမားပါတီရဲ့ ပေါ်လစ်ဗြူရို အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဂျန်ဆောင်တိတ်ကို ရာထူးတွေကနေ ထုတ်ပယ်ပြီး ရက်ပိုင်းအကြာမှာပဲ သေဒဏ်စီရင်ခံရတာ ဖြစ်ပါတယ်။ ဂျန်ဆောင်တိတ်ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီရဲ့ ယောက်ဖ ဖြစ်ပြီး ကင်ဂျုံအီ ကွယ်လွန်တဲ့အချိန်မှာ ငယ်ရွယ်တဲ့ ကင်ဂျုံအန်းကို ရာထူးဆက်ခံနိုင်အောင် အထောက်အပံ့ပေးခဲ့သူအဖြစ် ယုံကြည်ကြပါတယ်။ တချိန်တည်းမှာ အတွေ့အကြုံနည်းသေးတဲ့ ကင်ဂျုံအန်းအတွက် အန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသူ ဖြစ်ပါတယ်။ ဂျန်ဆောင်တိတ်ကို သေဒဏ်ပေးလိုက်တာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်ခဲ့တာ ၂ နှစ် ပြည် နှစ်ပတ်လည်ဖို့ ရက်ပိုင်းအလိုနဲ့ တိုက်ဆိုင်နေပါတယ်။ ဂျန်ဆောင်တိတ်ဟာ သူရဲ့ ဩဇာ အာဏာကို အသုံးပြုပြီး နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ပါတီတွင်း အုပ်စုဖွဲ့တာတွေနဲ့ အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ ကေစီအန်အေ သတင်းဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က လုပ်ခဲ့တဲ့ စစ်ရာဇ၀တ်အထူးခုံရုံးမှာ နိုင်ငံအာဏာသိမ်းဖို့ အတွက် တာဝန်ရှိတယ်လို့ ဂျန်ဆောင်တိတ်ကိုယ်တိုင်ကလည်း ၀န်ခံခဲ့ပြီး ချက်ချင်း သေဒဏ်ပေးဖို့ အမိန့်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဂျန်ဆောင်တိတ်ကို  သေဒဏ်ပေးလိုက်တာဟာ ကင်ဂျုံအန်းရဲ့ အာဏာကို ပိုပြီး ခိုင်မာအောင် တည်ဆောက်မှုအဖြစ် မြင်ကြပါတယ်။ အသက် ၃၀ ၀န်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းကြတဲ့ ကင်ဂျုံအန်းဟာ  အာဏာယူခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမျာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အာခံပြီး တာဝေးပစ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု ၂ ကြိမ်နဲ့ နျူးကလီးယား လက်နက်စမ်းသပ်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ လက်တလောဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်သလို၊ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up