စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီလက်နက်ကိုင်တပ်တွေဝင်ရောက်လာပြီး ဒေသခံရွာသူရွာသား ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီတပ်တွေက အိမ်စီးကားတွေ၊ လူမှုကူညီရေးအသင်းကားတွေနဲ့ ရွာထဲကို ဝင်လာတာဖြစ်ပြီး ကွမ်းယာဆိုင်က ကိုနဂါးဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးသွားသလို PDF တစ်ဦးရဲ့ ညီမဖြစ်သူ မအိန္တာဖြိုးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသား တစ်ဦးကပြောပါတယ်။
“ စစ်ကောင်စီတပ်တွေ ရွာထဲဝင်တာနဲ့ သေနတ်ပစ်ဖောက်ပြီး ရွာထိပ်က ကွမ်းယာဆိုင်က ကိုနဂါး၊ ကိုဦးရွှေမတ်ဆိုတဲ့လူကို သိလားလို့ မေးတယ်။ မသိဘူးဆိုပြီး ကိုနဂါးကို ဖမ်းဆီးသွားတယ်။ နောက်ပြီး မအိန္တာဖြိုးအစ်ကိုက PDFလုပ်တယ်ဆိုပြီး အစ်ကိုကို မတွေ့တော့ ညီမကို ဖမ်းဆီးသွားတယ်သူ့ အစ်ကိုလာဖမ်းခံမှ သူ့ညီမကိုလွတ်ပေးမယ်ဆိုပြီး ပြောဆိုသွားတယ်။”
စစ်ကောင်စီတပ်တွေ တောကျောင်းလေးရွာကိုဝင်ရောက်ရှာဖွေခဲ့ပြီး ယင်းကျေးရွာ အရှေ့မြောက်ပိုင်းအိမ်တစ်အိမ်မှာကနေ ငွေကျပ် ၁၅ သိန်း၊ ရွာမြောက်ပိုင်းနေအိမ်တစ်အိမ်မှ ငွေကျပ် ၂၅ သိန်းတို့ကို ယူဆောင်သွားတဲ့အပြင် ဆိုက်ကယ် ၃ စီး ကိုလည်း ယူသွားတယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။