Home
ဆောင်းပါး
အောက်ဆီဂျင်အတွက် နိုင်ရာဝန်ထမ်းနေကြသည့် ပရဟိတအမျိုးသမီးများ
DVB
·
August 24, 2021

” အောက်ဆီဂျင်ကျနေလို့ကူညီကြပါဦး” “အောက်ဆီဂျင်အရေးပေါ်လိုအပ်လို့ဘယ်မှာရနိုင်မလဲ” ဆိုတဲ့အသံတွေက ကိုဗစ် တတိယလှိုင်းကာလမှာ တစ်စစညံလာတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားတော့ နှာခေါင်းစည်းတွေ လက်သန့်ဆေးရည်တွေက ပြည်သူတွေအကြား အရေးတကြီး ရှာဖွေဝယ်ယူရတဲ့ပစ္စည်းဖြစ်ခဲ့ပြီး ကိုဗစ်တတိယလှိုင်းမှာတော့ အောက်ဆီဂျင်ကို အပူတပြင်းရှာဖွေနေကြရပါတယ်။

ကိုဗစ် ကူးစက်ခံရပြီးနောက်အောက်ဆီဂျင်ကျတဲ့ ကိစ္စရပ်ကတွဲပါနေတော့ လူနာရှင်တွေခမျာ အောက်ဆီဂျင်အိုးတွေရှာ ဖွေရတာ၊ အိုးရပြန်တော့လည်း အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေရှာဖွေရတာ၊ အောက်ဆီဂျင် ဖြည့်ပေးတဲ့နေရာ ရောက် တော့လည်း နာရီပေါင်းများစွာ စောင့်ဆိုင်းတန်းစီရတာတွေ ဖြစ်လာတယ်။

တချို့တွေဆို ကိုယ်တိုင် ကိုဗစ်ရောဂါကူးစက်ခံရနေရပေမယ့် သက်သက်သာသာမနေနိုင်ဘဲ အောက်ဆီဂျင်အရေးတကြီး လို အပ်နေတဲ့ အိမ်သားအတွက် အောက်ဆီဂျင်ရနိုင်မယ့်နေရာတွေကို ခေါင်းမီးတောက်အောင်စုံစမ်းရှာဖွေရ အောက်ဆီဂျင် အိုးသယ်ဆောင်ပြီး မြို့အနှံ့လှည်ပတ်ရှာဖွေရ၊ ပင်ပန်းကြီးစွာ တန်းစီစောင့်ဆိုင်းရတာတွေလည်း ကြုံလာ ရပါတယ်။

ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့အရေး အခက်အခဲတွေနဲ့ ကြုံတွေလာရတဲ့အခါ လူနာရှင်တွေ အပူလျော့ပါးအောင် အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရှာဖွေပေး ၊ ပရဟိတအနေနဲ့ ကူညီတန်းစီပေးတဲ့ အသင်းအဖွဲ့ တွေ စေတနာ့ဝန်ထမ်းလူငယ်တွေလည်း ပေါ်ပေါက်လာတယ်။

အောက်ဆီဂျင် လိုအပ်နေတဲ့ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ရရှိဖို့ကူညီနေတဲ့ ပရဟိတအသင်းအဖွဲ့တွေ စေတနာ့ ဝန်ထမ်းတွေကမန္တလေးမှာအများအပြားပါ။ ဒီလိုအသင်းအဖွဲ့ စေတနာ့ဝန်ထမ်းတွေထဲ အမျိုးသမီးပါဝင်တဲ့ အသင်းအဖွဲ့ တွေကတော့လက်ချိုးရေလို့ရပြီး ငါးဖွဲ့အောက်သာရှိမယ်လို့ မယွန်းစူးရှကပြောပါတယ်။

မယွန်းစူးရှက အဲ့ဒီနည်းပါးတဲ့ အဖွဲ့တွေထဲက မန္တလေးမြို့တဝိုက် အောက်ဆီဂျင်လိုအပ်တဲ့သူတွေကို အကူအညီပေးနေတဲ့ People to People volunteer team ကပါ။

” ရန်ကုန်မှာ အောက်ဆီဂျင်ပြသနာဖြစ်တာတွေ အောက်ဆီဂျင်မရလို့ဆုံးတာတွေ တွေ့နေရတာ၊ သိပ်မကြာဘူး မန္တလေး မှာလည်း အောက်ဆီဂျင်လိုလာတဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါ ကိုယ့်အဖွဲ့ကိုအကူညီတောင်းလာတာတွေကြောင့် စပြီးကူညီ ဖြစ်ခဲ့တာ”လို့ မယွန်းစူးရှကဆိုတယ်။

မန္တလေးမှာလည်း ကိုဗစ်ကူးစက်ခံရသူတွေ များပြားလာသလို အောက်ဆီဂျင်လိုအပ်တဲ့ ကိစ္စရပ်တွေလည်း ရှိလာပြီး လူနာ တွေက ပရဟိတအသင်းတွေ လူမှုကူညီရေးအသင်းအဖွဲ့တွေကို အကူအညီတောင်းလာတဲ့အခါမှာ ကူညီဖြစ်တာလို့ ဆို တယ်။

မယွန်းစူးရှတို့ အဖွဲ့က အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေ ကိုယ်စားတန်းစီပြီး အိမ်အရောက်ပေးပို့တာ ကိုယ်တိုင် တန်းစီမယ့် လူနာရှင်တွေကို ရနိုင်မယ့်နေရာတွေကို လမ်းညွှန်ပေးတာတွေကို ဇူလိုင်လဒုတိယပတ်ကတည်းက ပြုလုပ် နေတာပါ။

အများအားဖြင့် ကိုဗစ်ကူးစက်ခံရတဲ့နေအိမ်တွေက အောက်ဆီဂျင်အိုးပေးပြီး အောက်ဆီဂျင်ရှာဖွေခိုင်းတာများပါတယ်။ တစ်နေ့ကို ၁၀လီတာ၊၁၅လီတာ၊၂၀လီတာဆန့်တဲ့ အိုးအရေအတွက် ၂၀ နီးပါးလောက်ကိုတန်းစီပြီး လူနာတွေဆီ ပြန်ပို့ပေး ရတယ်။

အောက်ဆီဂျင်အရေးပေါ်လိုအပ်တယ်လို့ လူနာရှင်တွေက ဖုန်းဆက်အကူအညီတောင်းတာနဲ့ အရင်ဆုံးအိုးရှိမရှိ မေးပါ တယ်။ လူနာတွေမှာ အိုးအဆင်သင့်ရှိတယ်ဆိုရင် မယွန်းစူးရှတို့ အဖွဲ့ဝင်တွေက သွားရောက်ယူဆောင်ပြီး အောက်ဆီဂျင် ရနိုင်မယ့်နေနရာတွေကို စုံစမ်းကာ သွားရောက်တန်းစီပါတယ်။ တန်းစီပြီး အောက်ဆီဂျင်ရလာပြီဆိုရင်တော့ လူနာအိမ်ဆီ ပို့ဆောင်ပြီး စနစ်တကျအောက်ဆီဂျင်ရှုနိုင်အောင် လုပ်ဆောင်ပေးတယ်။

အောက်ဆီဂျင်အိုးတွေကလည်း အရွယ်အစားလိုက် အလေးချိန်ရှိတော့ အိုးကြီးတွေကို အဖွဲ့ကယောကျာ်းလေးတွေက သယ်ဆောင်ပြီး မယွန်းစူးရှတို့ အမျိုးသမီးအဖွဲ့ဝင်တွေကတော့ ၁၀ လီတာနဲ့ ၂၀ လီတာဆန့်အိုးတွေကို ကိုယ်တိုင် သယ် ဆောင်ထမ်းပိုးကာ ဆိုင်ကယ်ပေါ်တင် လူနာအိမ်တွေဆီပို့ဆောင်တာလုပ်ပေးတယ်။

အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက် မယွန်းစူးရှတို့ သူငယ်ချင်း ငါးယောက်နဲ့စတင်အကူညီပေးခဲ့ရာက အခုဆို ကိုးယောက်ရှိလာပြီး အောက်ဆီဂျင်ပေးတဲ့နေရာတွေကိုစုံစမ်း၊ လူခွဲတန်းစီကာ အရေးပေါ်လိုအပ်တဲ့ လူနာတွေအတွက် အခမဲ့ အကျိုးဆောင်ပေးနေတာပါ။

အောက်ဆီဂျင်လိုအပ်လို့ အကူညီတောင်းတဲ့ နေအိမ်တွေအတွက် အောက်ဆီဂျင်ပေးတဲ့နေရာတွေရှာဖွေချိတ်ဆက်ပြီး နေ့စဉ် တန်းစီစောင့်ဆိုင်းကာ အောက်ဆီဂျင်ရရှိဖို့ ကူညီလုပ်ဆောင်ပေးသလို နွမ်းပါးတဲ့နေအိမ်တွေအတွက်လည်း ဆေးဝါးနဲ့ အစားစာ လှုဒါန်းတာတွေကိုလည်း မယွန်းစူးရှတို့အဖွဲ့က ပြုလုပ်ပေးပါတယ်။

Photo credit to original volunteer

အောက်ဆီဂျင်လိုအပ်လို့ ကူညီပေးနေရင်းနဲ့ ကိုဗစ်လူနာအိမ်အချို့ဆို နွမ်းပါးချို့တဲ့တော့ ဆေးဝါးမစုံမလင်နဲ့ နေထိုင်နေရ တဲ့အတွက် ပါရာစီတမော၊ ဇင့်၊ဗိုက်တာမင်စီ စတဲ့ အိမ်သုံးဆေးဝါးတွေကို လှူဒါန်းတာ အဟာရဖြစ်စေမယ့် အစားစာတွေ ကို ထောက်ပံ့တာတွေလုပ်ပေးတယ်။

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ရဖို့ အချိန်ကုန်ခံတန်းစီစောင့်ဆိုင်းပေမယ့် တခါတလေအိုးတွေမှာ လေပေါင် အပြည့်ပါမလာတာမျိုးကြုံရတာရှိတယ်။ အဲ့ဒီအခါ လူနာတွေက အချိန်ခဏပဲရှုလိုက်ရပြီး လေကုန်သွားတဲ့အတွက် လူနာရှင်တွေက လေကုန်သွားတဲ့အကြောင်း ပြောတဲ့အခါ အောက်ဆီဂျင်ရမယ့်နေရာရှာဖွေပြန်ဖြည့်ပြီး ပြန်ပို့ပေးရတယ်။

” လေပေါင်မပြည့်တဲ့အိုးပါလာရင် လူနာတွေကမပြည့်ဘူးဆို လှမ်းပြောတာရှိတယ်။ တချို့ကျတော့ပြသနာရှာတာမျိုးရှိ တယ်၊ အဲ့ဒီလိုဆို နောက်တစ်ခါ ပြန်တန်းပေးတယ်၊ လူနာရှင်တွေကျေနပ်တဲ့အထိတောင်းပန်လိုက်တယ်။ ဒါပေမယ့် ဒီလိုကြုံရတာတော့ နည်းပါတယ်” လို့ မယွန်းစူးရှကပြောတယ်။

အောက်ဆီဂျင်ကူညီရတာတွေက အရေးပေါ်အခြေအနေဖြစ်တော့ ညကြီးအချိန်မတော် အကူအညီတောင်းတာတွေလည်း ရှိပါတယ်။ အဲ့ဒီအခါ အကူအညီတောင်းတဲ့လူနာအိမ်နဲ့ အဖွဲ့ဝင်တွေထဲကသူတယောက်ယောက်နဲ့ နီးစပ်တဲ့နေရာနားဆို သွားရောက်ကူညီပေးလိုက်တယ်။ အရမ်းဝေးတဲ့ နေရာဆိုရင်တော့ အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေနဲ့ ချိတ်ဆက်ပေး လိုက်တယ်လို့ သူကဆိုတယ်။

တခါတလေ အောက်ဆီဂျင်တန်းစီရတာကပြန်လာချိန်က ညမိုးချုပ်တဲ့အတွက် အိမ်ကဆူပူတာလည်းရှိပါတယ်။ အဲ့ဒီအခါ အိမ်နဲ့ အတိုက်အခံပြောဆိုပြီး လုပ်ရတယ်လို့ မယွန်းစူးရှကပြောတယ်။

” ညဘက်နောက်ကျတာရှိတော့ အိမ်ကသိပ်မကြိုက်ဘူး။ ၈နာရီမှပြန်မလာရင် နောက်တခါမလုပ်နဲ့ ဘာညာပြောတာ ရှိ တယ်။ အဲ့ခါကျရင် အတိုက်အခံလုပ်ပြီးတော့ညဘက်လုပ်ပေးရတာတွေလည်းရှိတယ်”လို့ မယွန်းစူးရှကဆက်ပြောပါတယ်။

မန္တလေးမှာလည်း ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ညဘက်ထွက်ရင် အစစ်အဆေးများတာတွေ၊ ညဘက် လူသွားအလာနည်းတဲ့နေရာတွေဆို ရိုက်လုတာတွေကြားနေရတဲ့အတွက် အလှမ်းဝေးတဲ့နေရာတွေက အကူအညီတောင်း တယ်ဆို သတိထားသွားလာရတယ်လို့ ဆိုတယ်။

အောက်ဆီဂျင် အရေးတကြီးလိုအပ်နေတဲ့ ကိုဗစ်လူနာတွေကို နေ့စဉ်အိုးတန်းစီပေး အိမ်အရောက်ရှုနိုင်အောင် လုပ်ပေး ရင်း လူနာရောဂါသက်သာလာတဲ့အတွက် အောက်ဆီဂျင်အိုး တန်းစီပေးဖို့မလိုတော့ဘူးလို့ ပြောတဲ့အချိန်က အပျော်ရွှင် ဆုံးပဲလို့ ဆိုတယ်။

” ညီမတို့ အိုးပို့ပေးလိုက်တဲ့လူနာက သက်သာသွားပြီ နောက်နေ့လာမယူနဲ့တော့လို့ပြောလာတယ်ဆို အပျော်ဆုံးပဲ၊ လူနာတွေက သက်သာသွားတယ်ဆို အပျော်ဆုံး ” လို့ မယွန်းစူးရှကပြောတယ်။

ဒါပေမယ့် လေပေါင်မပြည့်ပဲပါလာတဲ့အိုးတွေရှိတော့ လူနာတွေကပြောဆိုတာ၊ ညအချိန်မတော် အကူအညီတောင်းလို့ ရှာဖွေပြီး သွားပို့ပေးပေမယ့် ဖုန်းမကိုင်တာတို့ကြုံရတဲ့အခါ ဝမ်းနည်းမိတယ်လို့ဆိုတယ်။

” ညဘက်နောက်ကျနေတော့ အိမ်ကလည်းစိတ်ပူပြီး အဆူခံရ၊တဖက်ကလည်း ဖုန်းမကိုင်တော့ လမ်းမှာ ကြောင်တောင် တောင် ဖြစ်နေတာ၊အဲ့အချိန်ဆို ဝမ်းနည်းပြီး စိတ်ဓာတ်ကျတယ်”လို့ မယွန်းစူးရှကပြောပါတယ်။

အောက်ဆီဂျင်အရေးတကြီးလိုအပ်တဲ့ ပြသနာက ကလေးမြို့နဲ့ ရန်ကုန်မှာအရေးပေါ်ကိစ္စရပ်ဖြစ်နေတုန်းက မန္တလေးမှာ အခြေအနေ တည်ငြိမ်နေပါသေးတယ်။ ရန်ကုန်မှာကြုံတွေ့နေရတာတွေကို သင်ခန်းစာယူပြီး မန္တလေးက အသင်းအဖွဲ့တွေ ပရဟိတနဲ့ လူမှုကူညီရေးအသင်းတွေက အောက်ဆီဂျင်ရရှိရေးကြိုတင်လုပ်ဆောင်တာတွေရှိတော့ ရန်ကုန်လောက်အခြေ အနေဆိုးတာတွေ မကြုံခဲ့ရဘူးလို့ မန္တလေးတိုင်းဒေသကြီး အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့က မအိပြည့်စုံက ပြော တယ်။

” မန္တလေးမှာက ဗော်လန်တီယာများတာရယ် ပရဟိတအသင်းတွေကပြန်ခွဲပေးတာရယ်ကြောင့်ထင်တယ်။ နောက်ပိုင်း အခက်အခဲတွေ့တာသိပ်မရှိတော့၊ တန်းစီရတာတွေကအရမ်းခက်ခဲတဲ့ထဲမပါဘူး။ နည်းနည်းလွယ်ကူတယ်”လို့ မအိပြည့်စုံ က ပြောတယ်။

မအိပြည့်စုံတို့အဖွဲ့က ကိုဗစ်ကာလမှာဆင်းရဲနွမ်းပါးသူတွေနဲ့အိမ်ရာမဲ့တွေကို အစာအဟာရထောက်ပံ့ကူညီနေရင်း မန္တလေးမှာအောက်ဆီဂျင်လိုအပ်တာတွေကြုံရတဲ့အချိန် အောက်ဆီဂျင်လိုအပ်သူတွေက နေ့စဉ်အဖွဲ့ကို အကူအညီ တောင်းလာတဲ့အခါ လူနာတွေ အောက်ဆီဂျင်ရဖို့အရေး ကူညီဖြစ်တာပါ။

” အောက်ဆီဂျင်ပြသနာတက်တော့ အဖွဲ့ကို ဖုန်းဆက်အကူညီတောင်းကြတယ်။ အရေးကြီးလို့ပါဆိုပြီးပြောတော့ စိတ်မကောင်းဘူး၊ ဒါနဲ့ သူငယ်ချင်းတွေတိုင်ပင်ပြီးကူညီဖြစ်တာ။” လို့ မအိပြည့်စုံကပြောတယ်။

မအိပြည့်စုံတို့အဖွဲ့က အောက်ဆီဂျင်လိုအပ်လို့ အကူအညီတောင်းတဲ့လူနာရှင်တွေဆီက အောက်ဆီဂျင်အိုးတွေယူဆောင် ပြီး အောက်ဆီဂျင်ပေးတဲ့နေရာတွေ အသင်းအဖွဲ့တွေဆီ စောင့်ဆိုင်းတန်းစီကာ လူနာရှင်ဆီပြန်ပို့ပေးတာတွေ လုပ်ဆောင် ခဲ့တယ်။

ဒီလိုကူညီပေးလာရင်း စေတနာရှင်အချို့က အသင်းကို ငွေကြေးလှုဒါန်းမှုတွေရှိလာတဲ့အခါ ၄၀ လီတာဆန့်အောက်ဆီဂျင် အိုးတွေဝယ်ယူပြီး မန္တလေးမြို့ပေါ်ကအောက်ဆီဂျင်ပေးတဲ့ နေရာတွေဆီ တန်းစီ၊ ရလာတဲ့ အောက်ဆီဂျင်တွေကို လိုအပ် တဲ့ လူနာတွေကို ပြန်ခွဲဝေပေးတာတွေလုပ်ခဲ့တယ်။

” စလုပ်တုန်းက လူနာပေးတဲ့ အိုးတွေနဲ့တန်းစီပေးတော့ လိုသလောက်မလုပ်ပေးနိုင်ဘူး၊ ညဆို အောက်ဆီဂျင်ကျတယ်ဆို စိတ်မကောင်းဘူး။ အခုက ကိုယ်ပိုင်အိုးနဲ့ဆိုတော့ အလုပ်များပေမယ့် ပိုကူညီလာနိုင်တယ်”လို့ မအိပြည့်စုံက ပြောတယ်။

အောက်ဆီဂျင်လိုအပ်သူတွေများတော့ မအိပြည့်စုံတို့အဖွဲ့တွေက အောက်ဆီဂျင်ရနိုင်တဲ့နေရာတွေမှာ လူခွဲပြီး စောင့်ဆိုင်း တန်းစီကြတယ်။ ဒီလိုလူနာတွေအတွက် အောက်ဆီဂျင်အိုးတန်းစီနေရင်း ကိုယ့်အလှည့်ရောက်ခါနီးမှ ကုန်သွားတာလည်း ကြုံရတယ်။ ဒီလိုဆို အောက်ဆီဂျင်ပေးနေတဲ့ နေရာထပ်ရှာပြီး တန်းစီရပြန်ရော၊ တခါတရံ နှစ်နာရီ သုံးနာရီလောက်သာ စောင့်ဆိုင်းတန်းစီရပေမယ့် တခါတလေ ညလုံးပေါက် တန်းစီရတာတွေရှိတယ်။

Photo credit to original volunteer

ညလုံးပေါက်တန်းစီရတဲ့အချိန်ဆို ပင်ပန်းပြီး ညဘက်ဆိုတော့ ခြင်တွေလည်းကိုက်၊ ခြင်ကိုက်သက်သာအောင် ကားထဲ ဝင်စောင့်ဆိုင်းပေမယ့် မိုးရွာရင် မိုးမလုံတော့ မိုးစိုတာတွေလည်းကြုံရတယ်လို့ မအိပြည့်စုံကပြောတယ်။

ဒါ့အပြင် အောက်ဆီဂျင်အိုးတွေကလူနာတွေနဲ့ ထိတွေ့ထားတော့ ရောဂါမကူးစက်အောင်လည်း ဂရုတစိုက် ကာကွယ်ရ ပါသေးတယ်။ မျက်နှာဖုံးတွေတပ်ဆင်တာ၊ လက်အိတ်တွေဝတ်တာ၊ လက်သန့်ဆေးရည်တွေသုံးတာ၊အောက်ဆီဂျင်အိုး တွေကို ပိုးသတ်ဆေးဖြန်းတာတွေအမြဲလုပ်နေရတယ်။

” ကိုယ့်ကိုကူးစက်မှာကို နည်းနည်းကြောက်ပေမယ့် အောက်ဆီဂျင်တန်းတဲ့ကိစ္စနဲ့ ကိုဗစ်ကူးမလားဆိုတော့ သိပ်မစိုးရိမ်ဘူး။ မကူးစက်အောင်ပဲနေတယ်။ စနစ်တကျနဲ့ ငါတို့လုပ်ကို လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့။” လို့ မအိပြည့်စုံက ပြောတယ်။

အောက်ဆီဂျင်အိုးတွေက လေးလံပြီး ခွန်အားသုံးသယ်ရတဲ့အတွက် အများစုက ယောက်ျားလေးတွေလာရောက် တန်းစီ တာများပါတယ်။ ဒါပေမယ့် မအိပြည့်စုံတို့အဖွဲ့အပြင် အခြားပရဟိတအဖွဲ့တွေက မိန်းကလေးတွေလည်း လူနာတွေ အောက် ဆီဂျင်ရရှိဖို့အရေး အားကြိုးမာန်တက် တန်းစီစောင့်ဆိုင်းတာတွေ၊ လူနာတွေကိုအဖက်ဖက်ကကူညီတာတွေရှိတဲ့ အတွက် ကျေနပ်မိတယ်လို့ မအိပြည့်စုံကဆိုတယ်။

မအိပြည့်စုံ ကိုယ်တိုင်လည်း အောက်ဆီဂျင်ရဖို့အရေး ယောက်ျားလေး မိန်းကလေးမခွဲ တန်းတူတန်းစီစောင့်ဆိုင်းသလို ၁၀ လီတာ၊ ၁၅လီတာဆန့်တဲ့အိုးတွေကို ကိုယ်တိုင်ဝင်မတာ သယ်ဆောင်တာမျိုးလုပ်ပါတယ်၊ အောက်ဆီဂျင်အိုးတွေက လေးလံပြီးပြုတ်ကျရင် လူကိုထိခိုက်တာတွေရှိနိုင်ပေမယ့် အောက်ဆီဂျင်ရမှ အသက်ရှင်သန်နိုင်မယ့် လူနာတွေအတွက် စဉ်းစားပြီး စနစ်တကျနဲ့လုပ်ဆောင်တာလို့ဆိုတယ်။

နိုင်ငံအကျပ်အတည်းဖြစ်ပြီး ပြည်သူတွေ ရောဂါဘေးအန္တရာယ်ကြားဒုက္ခတွေ ကြုံတွေ့နေရချိန်မှာ အမျိုးသမီးတွေလည်း ကာယဉာဏ မခွဲနိုင်တော့ဘဲ နိုင်တဲ့ဝန်ထမ်းပြီး ပြည်သူတွေအတွက် ကူညီလုပ်ဆောင်နေတာတွေလည်းရှိတော့ ကျား မ မခွဲခြားဘဲ အချင်းချင်း ကူညီဖေးမတာတွေ လုပ်ဆောင်သင့်တယ်လို့ ဆက်ပြောပါတယ်။

မယွန်းစူးရှတို့ မအိပြည့်စုံတို့အပါအဝင် စေတနာ့ဝန်ထမ်း အမျိုးသမီးအချို့က အောက်ဆီဂျင်အိုးတွေသယ်ဆောင်တာ၊ ကျား၊မ၊ လူကြီး၊လူငယ်မခွဲခြားတန်းတူစောင့်ဆိုင်း တန်းစီတာပြုလုပ်နေပေမဲ့ လှောင်ပြောင်စနောက်တာမျိုးတွေ မကြုံတွေ့ ရဘဲ ပရဟိတလုပ်ဆောင်တဲ့ သူအချင်းချင်းဖြစ်တော့ အချင်းချင်းကူညီမျှဝေတာတွေ ကြုံတွေ့ရတာလည်း အပေါင်း လက္ခ ဏာတစ်ခုလို့ ယင်းတို့ကပြောပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ နေအိမ်တွေက လူနာရှင်တွေခမျာလည်း ကိုဗစ်ကူးစက်ခံရတဲ့ အိမ်သားအတွက် ပြုစုရ ၊ အောက်ဆီ ဂျင်ကျတဲ့အချိန်မှာလည်း စိတ်ပူပန်ရချိန်မှာ အောက်ဆီဂျင်ရရှိဖို့ အခမဲ့ကူညီပေးတဲ့သူတွေကလည်း ကောက်ရိုးတစ်မျှင် ပါပဲလို့ မန္တလေးမြို့မှာ နေထိုင်တဲ့ မပန်းအိကပြောပါတယ်။

” ရန်ကုန်မှာအောက်ဆီဂျင်ကိစ္စအတွက် ကမ္ဘာပျက်မတတ်ဖြစ်နေချိန်မှာ လန့်နေတာ၊ကိုယ်အလှည့်ဖြစ်ရင် ဒုက္ခပဲဆိုပြီး ဒါပေမဲ့ အိမ်မှာကိုဗစ်ဖြစ်ပြီး အဖေအတွက် အောက်ဆီဂျင်လိုလာတော့ မြို့နယ်က ပရဟိတအဖွဲ့တွေဆီအကူအညီတောင်း တော့ သူတို့ဘာသာသူတို့ တန်စီးပြီး လာပို့ပေးခဲ့တာ၊ ခက်ခက်ခဲခဲရှာစရာ မလိုခဲ့လိုက်ဘူး” လို့ မပန်းအိကပြောတယ်။

အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရဖို့ ကူညီရတာမလွယ်ကူပါဘူး။ အောက်ဆီဂျင်ရနိုင်တဲ့ နေရာတစ်ခုချင်းစီကို စုံစမ်းရတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကို မြို့အနှံ့ လှည့်လည်ရှာဖွေရတာ၊အောက်ဆီဂျင်ပေးတဲ့ နေရာတွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီရတာတွေက အမျိုးသားတွေတောင် ပင်ပန်းခက်ခဲရချိန်မှာ အမျိုးသမီး တွေ ပါဝင်လုပ်ဆောင်နေတာက လေးစားဖို့ကောင်းတဲ့လုပ်ရပ်လို့ ရန်ကုန်မြို့နယ်မှာ ကိုဗစ်လူနာတွေကို ကူညီနေတဲ့ ဗော်လန်တီယာ တစ်ဦးဖြစ်သူ ကိုစည်သူကပြောပါတယ်။

” အောက်ဆီဂျင်တန်းစီနိုင်ဖို့က တော်တော်မလွယ်ဘူး၊ စိတ်လည်းရှည် အချိန်လည်းတော်တော်ပေးနိုင်မှ၊ မိန်းကလေး တွေဆို အောက်ဆီဂျင်အိုး မဖို့က တော်တော်ခက်ခဲမှာ ဒီလိုလုပ်နိုင်တဲ့သူတွေကိုချီးကျူးတယ်”လို့ ကိုစည်သူကပြောတယ်။

ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်ကူးစက်ခံရတာနဲ့ လူနာနဲ့ ဆက်စပ်သူတွေကို ကိုဗစ်ကုသရေးဆေးရုံတွေ စင်တာ တွေကို ခေါ်ဆောင်ပြီး ဆရာဝန် သူနာပြု၊ ဗော်လန်တီယာတွေ ဆေးဝါးအပြည့်အစုံ စားစရာအပြည့်အစုံနဲ့ စနစ်တကျ ကုသစောင့်ရှောက်မှုလုပ်ပေးတော့ လူနာတွေမှာ လိုအပ်ချက်ကြီးကြီးမားမားမကြုံခဲ့ရဘူး။

ဒါပေမဲ့ တတိယလှိုင်းမှာတော့ စနစ်တကျကုသစောင့်ရှောက်ပေးမယ့် အစီအစဉ်တွေမရှိတော့ ကူးစက်ခံရလည်း အိမ်မှာပဲ နေထိုင်ကုသတဲ့အခါ စနစ်မကျတဲ့ ကုသမှုတွေ၊ကိုဗစ်ကူးစက်ခံရချိန် နဂိုရှိပြီးသားရောဂါအခံ မထိန်းချုပ်နိုင်တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အောက်ဆီဂျင်ကျတာ၊သေဆုံးရတာတွေဖြစ်လာရတော့တယ်။

ဒါကြောင့် ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတဲ့အတွက် လိုအပ်တာတွေကို ပြည်သူအချင်းချင်းကပဲ ဝိုင်းဝန်းလုပ်ဆောင် ရတော့မယ်လို့ အောက်ဆီဂျင်ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကပြောပါတယ်။

ပြည်သူတွေ ဒုက္ခအကြပ်အတည်း ကြုံနေရတဲ့အချိန် နေရာပေါင်းစုံ ဘက်ပေါင်းစုံကနေကူညီလုပ်ဆောင်ပေးတဲ့ လူမှု အသင်းအဖွဲ့တွေ ပရဟိတလူငယ်တွေနိုင်တဲ့ဘက်က လုပ်ဆောင်ပေးနေတာတွေက ကောင်းမွန်တဲ့အခြေအနေတစ်ခု ဖြစ်တဲ့အတွက် ပြည်သူတွေလိုအပ်တဲ့ အချိန်တွေတိုင်း ကူညီဖို့အသင့်ရှိတယ်လို့လည်း ယင်းတို့က ဆိုပါတယ်။

မယွန်းစူးရှကတော့ ” ညီမတို့က ပြည်သူတွေလိုအပ်နေသ၍ ကူညီပေးသွားမှာ၊ အောက်ဆီဂျင်ကူညီတာတင်မဟုတ်ဘူး အခြားဘက်က လိုတယ်ဆိုလည်း တတ်နိုင်တဲ့ဖက်က ကူညီပေးသွားမယ်”လို့ ဆိုပါတယ်။

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024