Home
ရင်ဖွင့်စာ/ပေးစာ
မြန်မာ့တပ်မတော်နှင့် ရဲအဖွဲ့အတွင်းရှိ လူကောင်းများနှင့် ပြည်သူ့အရေးလှုပ်ရှားမှုများကို အားပေး‌ ထောက်ခံလိုသူများ အားလုံးသို့
DVB
·
August 24, 2021

သတိ! သတိ! သတိ!

မြန်မာ့တပ်မတော်နှင့် ရဲအဖွဲ့အတွင်းရှိ လူကောင်းများနှင့် ပြည်သူ့အရေးလှုပ်ရှားမှုများကို အားပေး‌ ထောက်ခံလိုသူများ အားလုံးသို့...

အရင်စာမှာ ပြောခဲ့တဲ့အတိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ပြည်သူတို့က ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီအဖွဲ့မှ တရားမဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ၊ ပြည်သူတို့ရဲ့ဆန္ဒနှင့် ဆန့်ကျင်ပြီး လုယူသွားခဲ့တယ်။ မင်းအောင်လှိုင်ဟာ ပြည်သူတို့ ရွေးချယ် တင်မြှောက်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နဲ့တကွ အခြားသော NLD ပါတီဝင် အမတ်များကိုလည်း ဖမ်းဆီးခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ သန်းရွှေနဲ့ သိန်းစိန် ကြိုးဆွဲရာကနေရတဲ့ လူတယောက် ဖြစ်ပြီး သင်တို့ကို ကိုယ့်လူမျိုးအချင်းချင်း ညှဉ်းပန်းနှိပ်စက်ပြီး လူမျိုးတုံး သတ်ဖြတ်ဖို့ အမိန့်ပေးနေတဲ့၊ ရက်စက်တဲ့ အာဏာရှင်တယောက်သာ ဖြစ်တယ်။ သူ့ကြမ္မာ သူငင်မဲ့ကိစ္စမှာ သင်တို့က ကြားက ကန့်လန့်အပါမခံချင်ပါနဲ့။

ဩဂုတ်လ ၁ ရက် ၂၀၂၁ ကစပြီး တရားမဝင် စီမံအုပ်ချုပ်ရေးကောင်စီကနေပြီး နိုင်ငံတော်စီမံခန့်ခွဲရေးကော်မတီ ဆိုတဲ့အမည်နဲ့ ဘယ်သူမှ လက်မခံလည်း သူ့ကိုယ်သူ ဝန်ကြီးချုပ် ရာထူးယူပြီး အိမ်စောင့်အစိုးရဖွဲ့ကြောင်း ကြေညာခဲ့တယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့တရားမဝင် အိမ်စောင့်အစိုးရအဖွဲ့ ဆိုတာ တကယ်တော့ လက်နက်ကိုင် အာဏာရှင်သာ ဖြစ်ပြီး မှားယွင်းတဲ့ မျှော်လင့်ချက်၊ မမှန်ကန်တဲ့ အကြောင်းပြချက်၊ အတုအယောင် ကတိစကားများ၊ လိမ်ညာ တဘက်ပိတ်သတင်းများနဲ့ ကျွန်ုပ်တို့အားလုံးကို ရတဲ့နည်းနဲ့ သူ့အာဏာတည်မြဲဖို့နဲ့ သူ့စည်းစိမ်တွေကို ကာကွယ်ချင်တဲ့ လောဘကြောင့် လှည့်ဖြားနေခြင်းသာ ဖြစ်တယ်။

မြန်မာပြည်ကြီး ကောင်းစားဖို့နဲ့ ပြည်သူတွေအတွက်ဆိုတဲ့ စိတ်ကူး စိုးစဉ်းမျှတောင် မရှိပါဘူး။ သူ ပြောသမျှ လုပ်သမျှတွေဟာ ရှေ့နောက်မညီတဲ့အတွက် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ယုံကြည်လို့ရတဲ့လူ မဟုတ်ပါဘူး။

သူ့ထိုင်ခုံပေါ် ဆက်ထိုင်နေနိုင်ဖို့ဆိုတာ သင်တို့ရဲ့ လုပ်ရပ်တွေပေါ်မှာပဲ မူတည်နေတာပါ။ ဒါကြောင့် သင်တို့ကသာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ပါ။ ဒါကြောင့် သင်တို့တွေလည်း မဟုတ်မမှန်တဲ့ အာဏာကို ဖီဆန်ကြပါ။

မင်းအောင်လှိုင်ရဲ့ အာဏာလုယူမှုနဲ့ သူ့ရဲ့ တရားမဝင် အိမ်စောင့်အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ လူမျိုးအပြင် တကမ္ဘာလုံး အမြင်မှာ ရှက်ဖွယ်ဖြစ်ပါတယ်။ တနိုင်ငံလုံးရဲ့ စီးပွားရေးကို ဖျက်ဆီးပစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုမဏ္ဍိုင်ကြီး ပြိုလဲခဲ့ရတယ်။ လူထုကျန်းမာရေး စောင့်ကြည့် ထူးချွန်သူတွေရဲ့ တွက်ဆချက်အရ နောက် သုံးပတ်အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ကြေညာချက်အပြီးမှာ မင်းအောင်လှိုင် ကိုယ်တိုင်က ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သူ ဘာမှမတတ်နိုင်ပါဘူးလို့ ဝန်ခံခဲ့တယ်။ အခုလို ဆိုးရွားစုတ်ပြတ်တဲ့ ကပ်ဘေးကြီးကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်ရဲ့ အခြေအနေဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့တရားမဝင် အိမ်စောင့်အစိုးရအဖွဲ့ရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပါပဲ။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့တရားမဝင်စစ်ကောင်စီ တဖြစ်လဲ တရားမဝင်အိမ်စောင့်အစိုးရဟာ တပ်မတော်နဲ့ ပြည်သူတွေရဲ့ဂုဏ်ကို ဖျက်ဆီးပြီး နိုင်ငံတွင်း လူမုန်းအများဆုံးအဖွဲ့အစည်း ဖြစ်လာအောင် လုပ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားကို မှတ်မိကြလား… ။

“ကျွန်ုပ်တို့၏ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာ ပြည်သူတွေကို လက်နက်အားကိုးပြီး အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ မဟုတ်ဘူး။ စစ်တပ် ဆိုတာ တိုင်းပြည်ရဲ့ဝန်ထမ်းသာ ဖြစ်ပြီး တခြားနည်း မဖြစ်စေရ။”

ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ခုခံကာကွယ်ရမဲ့တာဝန်ဟာ တပ်မတော်သား တယောက်စီတိုင်းရဲ့တာဝန် ဖြစ်တယ်။ ဒါကြောင့် အားလုံးက တဦးတည်းပမာ စုစည်းညီညွတ်ကြပြီး အာဏာရှင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင် အိမ်စောင့်အစိုးရကို ဖယ်ရှားကြပါစို့။

သန်းရွှေ စခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကြီးက ပြဿနာအားလုံးရဲ့အုတ်မြစ် ဖြစ်ပြီး လူထုရွေးကောက်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြားရွေးကောက်ခံ NLD အမတ်တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက် ကြိုးကိုင်နေခဲ့တယ်။

တပ်မတော် ဆိုတာ လူထု ရွေးကောက်တာ မဟုတ်သလို အုပ်ချုပ်ရေးပိုင်းမှာ ဝင်‌ရောက်ပါဝင်ခွင့် မရှိဘူး။

တနိုင်ငံလုံးမှာရှိတဲ့ ၅၄ သန်းသော မြန်မာလူထုကြီးကိုပဲ ကြည့်လိုက်ပါ။ သူတို့ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အားလုံးဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင် အိမ်စောင့်အစိုးရ ဆိုတာကြီးကြောင့် ပျက်သုဉ်းခဲ့ရတယ်။

မိမိတို့ရဲ့ လိပ်ပြာလုံဖို့၊ မိမိစိတ်ဓာတ်တွေကို ယခုပင် သန့်စင်ပြီး မွေးကတည်းက ပါလာတဲ့ စိတ်ဓာတ်အရင်းခံ အမြုတေနဲ့ ကံ၊ ကံ၏အကျိုးကို နှလုံးသွင်းကာ ကိုယ့်လုပ်ရပ်တွေကို သေချာချိန်ထိုး စဉ်းစားကြည့်ပါ။ တဘဝလုံး မကောင်းမှုတွေပြုပြီး သေတဲ့အထိ အကုသိုလ်တွေ တပွေ့တပိုက်ကြီး သင်တို့လည်း ယူသွားချင်မှာ မဟုတ်ပါဘူး။

ပြည်သူကို ငဲ့ညှာတတ်တဲ့ သင်တို့လို စစ်သားကောင်းတွေကသာ ဒီအာဏာသိမ်းမှုကြီးကို ရပ်တန့်နိုင်မှာမို့ ကျွန်ုပ်တို့ ယုံကြည်အားကိုးပါတယ်။

မကောင်းမှုမှန်း သိရက်နဲ့ မျက်ကွယ်ပြုနေခြင်းဟာ မကောင်းဆိုးဝါး အကျင့်ပျက် စစ်ကောင်စီကို အားပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်ုပ်တို့အားလုံး ကောင်းဖို့၊ ကျွန်ုပ်တို့ မိသားစုတွေနဲ့ ကလေးတွေ အားလုံး ကောင်းဖို့ ကျွန်ုပ်တို့ အားလုံး အတူတူ ယခုချက်ချင်းပဲ…

  • ပြည်သူတွေနဲ့ ရွေးကောက်ခံ အနိုင်ရပါတီ CRPH/NUG နဲ့ ပူးပေါင်းပါ။
  • ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချပါ။
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုပါ။
  • ဒီမိုကရေစီနည်းလမ်းကျကျ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ရွေးကောက်ခံ NLD အမတ်များနဲ့ တခြားပါတီဝင်များကို အာဏာပြန်လည်ပေးအပ်နိုင်ရန် ကူညီပါ။

ကျွန်န်ုပ်တို့ အနာဂတ်တွေဟာ သင်တို့လက်ထဲမှာ ရှိပါတယ်။ ယခုအချိန်မှစ၍ သင်တို့ကို အမှန်ကို တွေးနိုင်ဖို့၊ အမှန်ကို မြင်နိုင်ဖို့နဲ့ အမှန်ကို ပြောနိုင်ဖို့ နှောင့်နှေးမနေကြဖို့ တောင်းဆိုပါတယ်။ နိုင်ငံတော်သီချင်းစာသား ‘ဒါ တို့ပြည်၊ ဒါ တို့မြေ၊ တို့ပိုင်တဲ့မြေ၊ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့တတွေ ထမ်းဆောင်ပါစို့လေ၊ တို့ တာဝန်ပေ’ အတိုင်း နှလုံးမူပြီး မြန်မာပြည်သူတွေကို ကယ်တင်ဖို့ ပူးပေါင်းကြပါစို့။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024