Home
မြန်မာသတင်း
စားဝတ်နေရေးအခက်တွေ့နေသည့် ပုဂံပြည်သူများအတွက် ကြိုက်တာယူ ကျပ် ၅၀ ဈေးကားများ ရောက်ရှိ
DVB
·
August 23, 2021

ကိုဗစ်ကပ်ရောဂါဘေးနဲ့  စစ်အာဏာရှင်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို တဖက်တလမ်းက ကူညီကြမယ့် ကြိုက်တာယူ ကျပ် ၅၀ ဈေးအရောင်းကားတွေဟာ ပုဂံကို ရောက်ရှိနေပြီး မနက်ဖြန် ဩဂုတ် ၂၄ ရက်မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

 ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ ကြိုက်တာယူ ကျပ် ၅၀ အစီအစဉ်တွေနဲ့ ပြည်သူတွေကို လိုအပ်တဲ့ စားသောက်ကုန်တွေ ကူညီလှူဒါန်းခဲ့တဲ့ Flannel Box ပရဟိ တညီအစ်ကိုမောင်နှမတွေက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က အသိပေးမျှဝေထားပါတယ်။

“ကျနော်တို့ ကြိုက်တာယူ ၅၀ ကျပ် #ဈေးလျှော့ရောင်း ကားများ ပုဂံသို့ အရောက် လာပါပြီ ခင်ဗျာ။ ဘုရားဖူးလာ ခရီးသည်တွေကို မှီခိုနေထိုင်နေရသော ပုဂံရှိ ကျေးရွာများ မှာ ခုလိုအချိန် ဘုရားဖူး အသွားအလာမရှိသဖြင့် စားဝတ်နေ​ရေး ခက်ခဲနေတာ ကြာပြီ ဖြစ်ပါတယ် 🙏 ကျနော်တို့ တတ်နိုင်တဲ့ ဘက်က အိမ်ထောင်စု ၂၀၀၀ စာ ရောင်းချပေးရန် အတွက် ဈေးလျှော့ရောင်းကားများ ပုဂံသို့ အရောက်လာပါပြီခင်ဗျာ”

အဖွဲ့အနေနဲ့ မြို့ခံတွေနဲ့ တိုင်ပင်ပြီး အမှန်တကယ် လိုအပ်တဲ့ရွာတွေမှာ တုံကင် ဝေစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဝယ်ယူနိုင်မယ့် စားသောက်ကုန်တွေထဲမှာတော့ ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲ၊ လစဉ်သုံး၊ ကြက်ဉ၊ နှာခေါင်းစည်း Mask စတဲ့ Package တွေ စီစဉ်ထားပြီး လိုအပ်တာ တွေကို ၅၀ ကျပ်နဲ့ လာရောက်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

       မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဖက်ဖက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

       ဒီကာလတွေအတွင်း ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ ပြည်သူတွေကို ပြည်သူအချင်း ချင်းက စောင့်ရှောက်ကူညီမှုတွေ မြန်မာနိုင်ငံ ရပ်ရွာအနှံ့ လုပ်ဆောင်လာနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024