ရှမ်းပြည်နယ် တောင်ကြီးမြို့က CDM လုပ်ထားတဲ့ ကျောင်းဆရာ ၁ ယောက်က ဩဂုတ် ၂၂ ရက်နေ့က အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ် သိမ်ကုန်း အလယ်တန်းကျောင်းက မူလတန်းပြဆရာ အသက် ၂၆ နှစ်အရွယ် ကိုစိုးလွင်လွင်ဟာ မတရားဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါနဲ့ မနေ့က ကွယ်လွန်သွားတယ်လို့ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်၊ ကင်မွန်းခြုံကျောင်းက အလယ်တန်းပြဆရာမ ဒေါ်ဇင်မီမီမျိုးဟာလည်း ဩဂုတ် ၂၀ ရက်က ကွယ်လွန်ခဲ့တာပါ။
“ကိုယ်ဝန်ကြီး ၇ လနဲ့၊ ၅ နှစ်အရွယ် သမီးလေးတယောက် ကျန်ခဲ့တယ်။ ကိုဗစ်နဲ့ ကွယ်လွန်တာပါ။ သူ့အသက်က ၃၀ ပါ” လို့ ဆရာမရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။
သူဟာ CDM လုပ်ပြီးနောက်ပိုင်း အန္တရာယ်ကြောင့် ရွာမှာ ရှောင်နေခဲ့ပြီး ကိုယ်ဝန်ကြောင့် သောင်ကြီးရွာက အိမ်ကိုပြန်လာတာ တလလောက်ပဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။
“မကြီးက သူ CDM လုပ်ထားလို့ အမြဲဂုဏ်ယူတယ်။ အခက်အခဲတွေရှိလည်း အဆုံးထိ လုပ်သွားမယ်လို့ ပြောတယ်” လို့လည်း သူ့မိတ်ဆွေက ပြောပါတယ်။