စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအနီး မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းပေါ်မှာ သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားအချင်းချင်း စကားများရန်ဖြစ်ရာက သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ကြတာကြောင့် ၂ ဦးစလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ဖြစ်စဥ်က ဒီနေ့ မနက်ပိုင်းအစောက မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်မှာရှိတဲ့ တိုးဂိတ်တစ်ခု ဖျက်ဆီးမီးရှို့ခံရတာနဲ့ပတ်ပြီး စစ်ကောင်စီတပ်တွေ လာတာထင်တယ်။ ကွေ့ချောင်းရွာအနီးမှာ ရှေ့ကနေ သူသွား ကိုယ်သွားတွက်ပြီး ငြင်းခုံကြရာကနေ တစ်ယောက်နဲ့တစ်ယောက် သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ကြတာ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သား ၂ ဦးအလောင်းကို မုံရွာဘက်ဆီကို ချက်ချင်းသယ်သွားကြပြီး ကျန်တဲ့သူတွေ ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။
မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်မှာတည်ရှိတဲ့ ၅ မိုင်တိုးဂိတ် သြဂုတ် ၂၃ ရက် မနက်စောပိုင်း ၀၀း၃၀ နာရီလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သေနတ်ပစ်ဖောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။