မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၁ သန်း ၇ သိန်း ၇ သောင်းကျော် လည်ပတ်
DVB
·
December 12, 2013
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၁ သန်း ၇ သိန်း ၇ သောင်းကျော် လာရောက်လည်ပတ်ခဲ့ကြပြီး နှစ်ကုန်မှာ ၂ သန်းနီးပါး ၀င်ရောက်မယ်လို့ မျှော်မှန်းထားကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောပါတယ်။
ဒီ အရေအတွက်ဟာ နိုင်ငံတကာလေဆိပ်တွေအပြင် နယ်စပ်ဂိတ်တွေနဲ့ ရေကြောင်းခရီးက ၀င်ရောက်လာသူ စုစုပေါင်း အရေအတွက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပတဲ့ ဒီဇင်ဘာ ၁၀ ရက်ပတ်အတွင်းမှာတော့ ရန်ကုန်လေဆိပ်တခုတည်းကနေ တရက်ကို ခရီးသည် ပျမ်းမျှ ၂၈၀၀ ၀င်ရောက်ခဲ့ပြီး မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် တရက်ကို ခရီးသည် ၆၀၀ တိုးလာနေတာလည်း ဖြစ်ပါတယ်။
မနှစ်က မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၁ သန်းဝင်ရောက်ခဲ့တာမို့ ဒီနှစ်မှာ ၂ ဆ ၀င်ရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။