စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာနေတာကြောင့် ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၁ ရက်နေ့ထိ အသွားအလာ ၁၀ ရက် ကန့်သတ်ချက်ကို ကိုဗစ်ကော်မတီက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အသွားအလာနဲ့ ဈေးရောင်းချိန်တွေ ကန့်သတ်လိုက်တာဖြစ်ပါတယ်။
မြို့ပေါ်က ရပ်ကွက်တိုင်းမှာ ပြည်သူတွေအနေနဲ့ မိသားစုတစ်စုကို တစ်ဦးသာအပြင်ထွက်ဖို့၊ ကျန်းမာရေးအရ မဖြစ်မနေထွက်မယ်ဆိုရင် လူနာ၊ လူနာအကူ၊ ယာဉ်မောင်း စုစုပေါင်း ၃ ဦးသာသွားလာကြဖို့၊ မိမိနေအိမ်မှာ နေထိုင်ကြဖို့နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့၊ ပြင်ပသွားလာချိန်ကို မနက် ၅ နာရီမှ မနက် ၁၁ နာရီအထိနဲ့ ညနေ ၄ နာရီကနေ ၆ နာရီ အထိလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြို့မဈေးမှာ ရောင်းချကြတဲ့ ဈေးဆိုင်အားလုံးနဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ အခြေခံစာသောက်ကုန်ပစ္စည်းဆိုင်၊ အိမ်ဆိုင်တွေနဲ့ အခြားဈေးဆိုင်တွေအားလုံးကိုလည်း မနက် ၅ နာရီကနေ မနက် ၁၁ နာရီ အတွင်းသာ ဖွင့်လှစ်ရောင်းချကြဖို့ ကန့်သတ်လိုက်ပါတယ်။
ဒါ့အပြင် မနက် ၁၁ နာရီ နောက်ပိုင်းမှာ ဆေးဝါးပစ္စည်းအရောင်းဆိုင်တွေနဲ့ စက်သုံးဆီ အရောင်းဆိုင်တွေသာ ရောင်းချခွင့်ပြုမယ်လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ခင်ဦးမြို့မှာ ဇူလိုင် ၁ ရက်နေ့ကနေ ဩဂုတ် ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇၇၂ ဦးရှိပြီး ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၄ ဦးရှိကာ၊ သေဆုံးသူ ၂၁ ဦးရှိပြီး အထက်အဆင့်လွှဲရသူ ၅ ဦးရှိတယ်လို့ သိရကာ လတ်တလောဆေးကုသမှု ခံယူနေသူပေါင်း ၇၂ ဦးရှိတယ်လို့ သိရပါတယ်။