မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်၊ ဆားကျင်းကျေးရွာမှာ သြဂုတ် ၂၂ ရက်နေ့မနက်ပိုင်းက မကွေးတိုင်း NLD အလုပ်အမှုဆောင် ထီးလင်းလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနဲ့ လူငယ်တစ်ယောက်အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာခံတစ်ယောက်က “စဘေအုပ်စု ဆားကျင်းကျေးရွာကို ဒီကနေ့မနက် ၈ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့လက်ပါးစေ မြစ်ခြေရဲစခန်းက ရဲ ၈ ယောက်က ဦးဌေးဝင်းနဲ့ အဲဒီရွာက အိမ်ရှင်ရဲ့သား အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်အကြီးကောင်ကို လာရောက်ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။
ဦးဌေးဝင်းကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတာမရှိဘဲ မြစ်ခြေရဲတွေ လာဖမ်းတဲ့ အချိန်မှာလည်း ရပ်ရွာလူကြီးတွေမပါဘဲ ဆိုင်ကယ်နဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဆားကျင်းကျေးရွာမှာ အိမ်ခြေ ၁၆၀ လောက်သာရှိပြီး ဦးဌေးဝင်းဟာ ဆိုင်ကယ်ဘီးပေါက်လို့ ခဏဝင်နားတာဖြစ်ပြီး အဲဒီကျေးရွာမှာ စစ်အုပ်စု သတင်းပေးဒလန် လုံးဝမရှိဘူးလို့ ရွာခံတွေဆီကနေ သိရပါတယ်။