Home
မြန်မာသတင်း
ဖမ်းဆီးခံဂျာနယ်လစ် ၂ ဦး ရှေ့နေနှင့်တွေ့ခွင့်မရ၊ အမြန်ဆုံးပြန်လွှတ်ပေးရန် RSF တောင်းဆို
DVB
·
August 22, 2021

ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဂျာနယ်လစ် စည်သူအောင်မြင့်နဲ့ ထက်ထက်ခိုင်တို့ဟာ လက်ရှိအချိန်ထိ ရှေ့နေနဲ့ တွေ့ခွင့်မရရှိသေးကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့  ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)က တောင်းဆိုလိုက်ပါတယ်။

VOA နဲ့ Frontier Myanmar သတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် ဝါရင့်သတင်းသမား ဦးစည်သူအောင်မြင့်နဲ့ BBC Media Action မှာ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်တို့ကို အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၁၅ ရက်နေ့က သူတို့ ပုန်းရှောင်နေကြတဲ့ ရန်ကုန်မြို့က နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးထားပြီး တွေ့ခွင့်မပေးပဲ ထားတာဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း RSF  အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဒန်နီရယ်ဘက်စ်တတ်ဒ်က ပြောပါတယ်။

မြန်မာသတင်းသမားတွေကို စစ်တပ်အာဏာပိုင်တွေက ဆက်လက်ဖမ်းဆီးနေတဲ့ အပေါ်လည်း ပြစ်တင်ရှုတ်ချလိုက်ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာသမား ၅၀ လောက်ရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ ထောင်ဒဏ်အပြစ်ပေး ခံရတာတွေလည်းရှိသလို ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ လတ်တလောအချိန်ထိ သတင်းသမား ၃၀ ကျော် ကိုဆက်လက်ဖမ်းဆီးထားတာကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုနေကြ တာပါ။

နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF)က ထုတ်ပြန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၄၀ နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024