Home
မြန်မာသတင်း
တိုင်းရင်းသားညီလာခံ ထပ်မံရက်ရွှေ့
နော်နိုရင်း
·
December 12, 2013
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာ တတိယပတ် ကျရင် ကရင်အမျိုးသားအစည်းအရုံးရဲ့ ဌာနချုပ်ရှိရာ  လေးဝါး(ခေါ်) လော်ဃီးလာမှာ ကျင်းပဖို့  မူလက စီစဉ်ထားခဲ့ပေမယ့်  ခုတော့ မကျင်းပဖြစ်တော့ဘဲ အစီအစဉ် ပျက်သွားခဲ့ပါတယ်။ KIA4ဒုတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၅ ရက် အကြား ပြုလုပ်ဖို့ စီစဉ်ထားရာကနေ ဒီလအတွင်းမှာ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကရင်အမျိုး သားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ “မဖြစ်တာက ကျနော်တို့ အခြေအနေ အရပ်ရပ်ကြောင့်ပါ။ ပြင်ဆင်မှုကလည်း မပြည့်စုံဘူး။ နောက် တခြားအဖွဲ့အစည်း ပြန်ညှိ ပြီး သူတို့ သွားလာရေးနဲ့ သူတို့ သွားလာရေးနဲ့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးရမယ့် အချက် ပြင်ဆင်ရမယ့် လိုအပ်ချက်တွေကြောင့်ပါ။ တခြား အခက်အခဲ မရှိပါဘူး။ နေရာထိုင်ခင်းနဲ့ သွားလာရေးတို့အတွက် ညှိတာရယ်။ ကျနော်တို့ တဖွဲ့တည်း ဆုံးဖြတ်တာ မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားလက်ကနက်ကိုင် အဖွဲ့အစည်းတွေကို ဆက်သွယ်ညှိနှိုင်းပြီး ဆုံးဖြတ်တာပါ။ ” ဒီဇင်ဘာလမှ မကျင်းပနိုင်ပေမယ့် လာမယ့် ဇန်န၀ါရီလမှာ ပြန်လည် ကျင်းပနိုင်အောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ မူလအစီစဉ်အရ ဒုတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို ဒီဇင်ဘာလ ကေအန်ယူ ထိန်းချုပ်တဲ့ လေးဝါး(ခေါ်) လော်ဃီးလာမှာ တွေ့ဆုံပြီး လိုင်ဇာမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် တိုင်းရင်းသားညီလာခံက ရရှိထားတဲ့ ဘုံသဘောထားရပ်တည်ချက် ၁၁ ချက်ကိစ္စကို အဓိက ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီ ဆွေးနွေးပွဲရလဒ်ကို  ကိုင်ဆွဲပြီး  တနိုင်ငံလုံး အပစ်အခတ်ရပ်ကိစ္စ  ဆက်လက် ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့  ရှိနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားညီလာခံ အစီအစဉ် ပြောင်းလိုက်တဲ့ အပေါ် အစိုးရနဲ့ ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားတဲ့ သဘောလားလို့ မေးမြန်းရာမှာတော့ ပဒိုကွယ်ထူးဝင်းက အခုလို ပြောပါတယ်။ “ကျနော်တို့ တိုင်းရင်းသားဘက်က အပစ်အခတ်ရပ်စဲရေး သဘောထားကို ညှိနှိုင်း အတည်ပြုချက်တွေ ပြန်ရပြီးတော့မှ အစိုးရဘက်နဲ့ ပြန်ညှိရမှာပါ။ ဖြစ်တာ မဖြစ်တာက ပြောလို့မရဘူး။ ကျနော်တို့ တိုင်းရင်းသားညီလာခံပြီးရင် ဆက်ပြီးတွေ့ရဦးမှာပဲ။ ဒါပေမယ့် ၁၁ ချက်တည်းလား  ပြန်ညှိရဦးမှာပေါ့နော်။ အစိုးရဘက်မှာလည်း သူတို့အားတဲ့အချိန်ကို ပြန်ညှိရဦးမှာပါ။ ” ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာက  ဦးလှမောင်ရွှေကတော့  ဆွေးနွေးပွဲ ကျင်းပမယ့် အချိန်ကာလထက် ဆွေးနွေးပွဲရဲ့ ရလဒ်က အဓိက ဖြစ်တယ်လို့ ပြောပါတယ်။ “ဆွေးနွေးပွဲဆိုတာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရတာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေ ဘက်က အဆင်ပြေမယ့်အချိန်ကို ညှိနှိုင်းပြီးတော့ စရမှာပဲ။ ဒါပေမယ့် ဒီလထဲမှာ ကျနော်တို့ ဘယ်လိုဖြစ်ချင်သည် ဖြစ်စေ၊ နှစ်ဘက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေဘက်က ရက်အနည်းငယ် လိုတဲ့အတွက် ရွှေ့မယ်ဆိုလည်း ကျနော်တို့ဘက်က သဘောတူရမှာပဲ။ ကျနော်တို့ အနေနဲ့ကလည်း တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားဖို့ရာ နှစ်ဖက် လက်ခံနိုင်တဲ့ ရလဒ်တွေကို ညှိနှိုင်းရမှာဖြစ်ပါတယ်။ ရလဒ်က အဓိကလို့ ထင်ပါတယ်။” ပြီးခဲ့တဲ့ ပထမအကြိမ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံကို အောက်တိုဘာလ ကုန်က   ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)က ဦးစီးပြီး  လိုင်ဇာမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ခု ဒုတိယအကြိမ် ညီလာခံကိုတော့  ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024