ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ မြို့တွင်း ကင်းလှည့်နေစဉ် သေနတ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် ရဲဒုတပ်ကြပ် တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်များ ကျေးရွာ စျေးကုန်းအနီး လှည့်လည်ကင်းပတ်နေစဉ် အမည်မသိ လက်နှက်ကိုင် အဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ရဲကား ၂ စီးနဲ့ကင်းပတ်နေတာ၊ ရဲပတ်ကား AD van ကို သေနတ်နဲ့လာပစ်သွားတယ်။ အပိုင်နယ်ထိန်း ဒုတပ်ကြပ် ဝင်းမြင့်သေတယ်၊ နှစ်ဖက် အပြန်အလှန်ပစ်တယ်။ သိပ်မကြာဘူး ကားတွေနဲ့ ဖားကန့်ကို တန်းသယ်သွားတယ်ပြောတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ဒုတပ်ကြပ် ဝင်းမြင့်မှာ သေနတ်ဒဏ်ရာ လေးချက်ရရှိပြီး အခင်းဖြစ် နေရာမှာ သေဆုံးခဲ့ပြီး ဖားကန့်ဆေးရုံသို့ တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နေ့စဉ်မပြတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။