အာဏာသိမ်း စစ်ကောင်စီက စီစဉ်ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စစ်တမ်းဖြေဆိုကြတဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်းလောက်က ထိုးဖို့ အစီအစဉ်မရှိဘူးလို့ အွန်လိုင်းလူထုစစ်တမ်းတစ်ခုအရသိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တာဆီးရေးနဲ့ ကုသရေး ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတစ်ခုကို အခုသြဂုတ်လအတွင်း Myanmar Independent Researcher အဖွဲ့က ထုတ်ပြန်လိုက်တာပါ။
စစ်တမ်းဖြေဆိုသူတွေရဲ့ ၅၉ ဒသမ ၈ ရာခိုင်နှုန်းက ဆေးတစ်ကြိမ်မှ မထိုးရသေးကြောင်းနဲ့ ဆေးထိုးရန်လည်းအစီအစဉ်မရှိကြောင်းဖြေဆိုခဲ့ကြပြီး ဆေးထိုးဖို့ အစီအစဉ်ရှိပေမဲ့ တစ်ကြိမ်မှ မထိုးရသေးသူ ပမာဏမှာ ၂၉ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းအရသိရပါတယ်။
အလားတူ စစ်အာဏာမသိမ်းမီက ကာကွယ်ဆေးတစ်ကြိမ်ထိုးထားကာ မထိုးရသေးသူ ပမာဏမှာ ၅ ဒသမ၉ ရာခိုင်နှုန်းရှိပြီး တစ်ကြိမ်ထိုးထားပြီးနောက်တစ်ကြိမ်ထိုးဖို့ စောင့်နေသူ ပမာဏ ဝ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ နှစ်ကြိမ်လုံးထိုးပြီးတဲ့ ပမာဏကတော့ ၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိသေးကြောင်း အဆိုပါ စစ်တမ်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နေတယ်ထင်ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ထင်ပါတယ်လို့ ဖြေဆိုသူ ၁ ဒသမ ၆ ရာခိုင်နှုန်း၊ မပြောတတ်ပါဟု ဖြေသူ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး မထင်ပါဟု ဖြေဆိုသူကတော့ ၉၆ ဒသမ ၇ ရာခိုင်နှုန်းထိရှိတာတွေ့ရပါတယ်။
လက်ရှိစစ်ကောင်စီက ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းအပေါ် ဘယ်လို ဘောထားပါသလဲ၊ ကာကွယ်ဆေးထိုးသင့်တယ် ထင်ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ကာကွယ်ဆေးထိုးသင့်တယ်ထင်ပါတယ်လို့ ဖြေဆိုသူ ၅ ဒသမ ၈ ရာခိုင်နှုန်း၊ မထိုးသင့်ပါဟု ဖြေဆိုသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်း၊ မပြောတတ်ပါဟုဖြေဆိုသူ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။
လူအများစုက လက်ဆေး၊ နှာခေါင်းစည်းတပ်တာတွေကို ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေတုန်းကလို အလေးထားဆောင်ရွက်ကြတယ် ထင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ထင်ပါတယ်လို့ ဖြေဆိုသူ ပမာဏ ၅၀ ဒသမ ၄ ရာခိုင်နှုန်း၊ မထင်ပါဟုဖြေဆိုသူ ၃၆ ဒသမ ၈ ရာခိုင်နှုန်နဲ့ မပြောတတ်ပါဟု ဖြေဆိုသူ ပမာဏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းအရ သိရပါတယ်။
သင်နေထိုင်ရာမြို့နယ်မှာ ပြည်သူတွေ အောက်ဆီဂျင်အိုးဝယ်ယူ ဖြည့်တင်းမရအောင်စစ်ကောင်စီက တားဆီးထားတာ ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ရှိပါတယ်လို့ ဖြေဆိုသူ ပမာဏ ၅၁ ဒသမ ၃ ရာခိုင်နှုန်း၊ မရှိပါဘူးဟု ဖြေဆိုသူပမာဏ ၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ မပြောတတ်လို့ ဖြေဆိုသူ ၄၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်းလည်း စစ်တမ်းမှာဖော်ပြပါတယ်။
အဆိုပါစစ်တမ်းကို ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်အတွင်း၊ Myanmar Independent Researcher အဖွဲ့က Google form ကို အသုံးပြုပြီး လူမှုကွန်ရက်တွေကနေတဆင့် မျှဝေကောက်ခံခဲ့တာဖြစ်ပြီး ဖြေဆိုသူ စုစုပေါင်း ၄၇၉၉ ယောက်ရဲ့ အဖြေတွေအပေါ် အခြေပြုပြီး စစ်တမ်းပြုစုထားတာ ဖြစ်ပါတယ်။
GraphicCredit-Myanmar Independent Researcher