Home
ဆောင်းပါး
တရုတ်အားကိုး အာဏာရှင် ပုဆိန်ရိုးလမ်း
DVB
·
August 19, 2021

အာဏာသိမ်းပြီး ၆ လအကြာ စစ်ကောင်စီက ပစ်သတ်ခဲ့သဖြင့် မြန်မာပြည်သူ ၁,၀၀၀ နီးပါး ကျဆုံးခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်နိုင်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရန် အချိန် ၃ လ ခန့်ယူခဲ့ရပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်ရန် နောက်ထပ် အချိန် ၃ လကျော် ယူခဲ့ရခြင်း ဖြစ်သည်။

အာဆီယံ၏ ထုံးစံအတိုင်း တပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာကျမည်ဆိုသည့် အထိုင်ပေါ်ကနေ စတင်မသိချင်ယောင်ဆောင်ကြသည်။ အာဆီယံ ဘာလုပ်နေသလဲ ဆိုသည့် အော်သံ ဆူဆူညံညံ ဖြစ်လာတော့ မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရန် သင့်၊ မသင့် ဒိုင်ယာလော့ခ် စတင်သည်။

မြန်မာ့အရေးကို အနောက်အုပ်စုနှင့် ကုလသမဂ္ဂက တိုက်ရိုက်ကိုင်တွယ်မှာကို မလိုလား။ ကိုယ်တိုင် ကိုင်တွယ်ရအောင်ကလည်း မည်သူကမှ လက်မခံ။ ထို့ကြောင့် သူ့သြဇာ အထိုက်အလျောက်ရှိသော အာဆီယံ ဝင်ကိုင်တွယ်ရန် တရုတ်က တည့်တည့်ပြောလာသည့် အချိန်တွင် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဆိုတာကြီးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ကျင်းပဖြစ်ခဲ့သည်။

ဧပြီ ၂၄ ရက်နေ့၊ အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်နိုင်ခဲ့သည်။ ထို ၅ ရပ်ကို ချုပ်ရသော် အကြမ်းဖက်မှုများ ချက်ချင်းရပ်၊ ဆွေးနွေးအဖြေရှာ၊ ကြားဝင်ညှိနှိုင်းရန် အာဆီယံအထူးသံတမန် ခန့်ဖြစ်သည်။ ထို ၅ ရပ်ကို နောက်တစ်မျိုး ဖွင့်ဆိုရသော် စစ်တပ်ကအာဏာသိမ်းခြင်းကို လက်မခံဟူ၍လည်း ကောက်ယူနိုင်သည်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်ခံနေသည့် တရုတ်က လက်မ ထောင်ပြသလို အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသော အမေရိကန် အပါအဝင် အနောက်အုပ်စုနှင့် ကုလသမဂ္ဂတို့ကလည်း ထောက်ခံခဲ့သည်။ ထို့ကြောင့် အမြင်မတူသော နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံချက်ပေးသော နိုင်ငံတကာဘုံသဘောတူညီချက် ၅ ရပ်ဟု ထပ်ကွန့်နိုင်ပေသည်။ သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သဘောတူညီချက် ၅ ရပ်ကို နှုတ်အားဖြင့်ပင် လက်ခံသလိုလို၊ လက်မခံသလိုလိုဖြင့် ဘာကိုမှ အပြတ်မပြောဘဲ ရူးချင်ယောင်ဆောင်ခဲ့သည်။ 

ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာက အာဆီယံမူ ၅ ရပ်ကို အမေရိကန် အပါအဝင် အနောက်အုပ်စုကရော တရုတ်ကပါ ဘာကြောင့် ထောက်ခံရသနည်းဆိုသည့် မေးခွန်း ဖြစ်သည်။ အနောက်အုပ်စုသည် အာဏာသိမ်းလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လျက်ရှိသလို မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်ကားရေးအတွက် မြန်မာ့ဒီမိုကရေစီပြည်သူများဘက်က အခိုင်အမာ ထောက်ခံအကူအညီပေးလျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ အာဆီယံမူ ၅ ချက် ထောက်ခံမှုမှာ အာဆီယံအနေနှင့် မြန်မာအာဏာရှင်ဆန့်ကျင်ရေးကိစ္စတွင် ကာယကံမြောက် ပါဝင်ကာ အာဆီယံအဖွဲ့အစည်းအတွင်း ဒီမိုကရေစီအမြင်အားကောင်းလာစေရေးနှင့် မူ ၅ ရပ်မှ သည် ဆွေးနွေးအဖြေရှာလမ်းကြောင်းတရပ် ပွင့်လာနိုင်မလားဆိုသည့် မျှော်လင့်ချက်ကြောင့်ဟု ထင်သည်။

အာဏာသိမ်းစစ်ကောင်စီကို ဗြောင်ကျကျ ထောက်ခံနေသော တရုတ်ကရော အခြေခံအားဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ထားသည့် အာဆီယံ မူ ၅ ချက်ကို ဘာကြောင့် ထောက်ခံရသနည်း။ အချိန်ဇယားအတိအကျ မပါသော မူ ၅ ချက်မှသည် တွေ့ဆုံဆွေးနွေးမှု ခေါင်းစဉ်အောက်တွင် စစ်ကောင်စီသက်တမ်းကို ဆွဲဆန့်ခြင်းနည်းဖြင့် စစ်ကောင်စီ အခြေခိုင်လာကာ အချိန်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီအင်အားစုများ ချည့်နဲ့လာစေရန် ရည်ရွယ်ပုံရသည်။ ထားတော့။

လက်တွေ့ဘဝတွင်မူ ကဗျာဆရာခက်သီကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားပြီး ၂၄ နာရီပင် မကြာလိုက်၊ မိသားစုဝင်များက အလောင်းသာပြန်ရခဲ့သည့် ဖြစ်ရပ်ဆိုးမျိုး မေ ၉ ရက်နေ့၌ ဆက်လက်ကျူးလွန်ခဲ့သည်။  ကဗျာဆရာ ခက်သီလို အသက် ၄၅ နှစ်ကျော်အရွယ် သန်သန်မာမာ လူတစ်ယောက် မြန်မြန်ဆန်ဆန် သေဆုံးရလောက်အောင် မည်မျှ ညှဉ်းပန်းနှိပ်စက်ခဲ့သနည်း။ အာဆီယံမူ ၅ ရပ် ထွက်ပေါ်ပြီး ၁၅ ရက်မြောက်နေ့တွင် စစ်ကောင်စီက အာဆီယံ ထိပ်သီးဆုံးဖြတ်ချက်ကို ထိုသို့ ဆုတ်ဖြဲပြခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ ဇွန် ၁၅ ရက်နေ့၊ ပေါက်မြို့နယ်၊ ကင်းမရွာ တရွာလုံးကို စစ်ကောင်စီတပ်က မီးလောင် တိုက်သွင်းခဲ့ပြန်သည်။ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ကြရသဖြင့် ၎င်းတို့၏ စီးပွားဥစ္စာ တစ်ခုမှ ပြန်မရ။  ထွက်မပြေးနိုင်၍ ရွာထဲကျန်ခဲ့သော အသက် ၈၀ ကျော်အရွယ် အဘိုး အဘွား လင်မယား မီးလောင် သေဆုံးခဲ့ရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မန္တလေးမြို့၊ မြတောင်စစ်ကြောင်းသည်လည်း ဇွန် ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးငယ်နှစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ရသည်။

ပြောရလျှင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် အာဆီယံမူ ၅ ရပ်ကို ပြတ်ပြတ်သားသား ထုတ်မငြင်းရဲသဖြင့် မငြင်းခဲ့သော်လည်း မြန်မာပြည်သူများကို ဇွဲလုံ့လစိုက်ထုတ်မှုကြီးစွာဖြင့် ဆက်လက်သတ်ဖြတ်ကာ ကိုယ့်ဘာသာ လုပ်ချင်ရာလုပ်မည်ဟု အသံမဲ့ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဇူလိုင် ၂၆ ရက်နေ့ရောက်တော့ မြန်မာပြည်သူအများစုကရော နိုင်ငံတကာကပါ အသိအမှတ်ပြုထားသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ကြေညာကာ ထပ်မံစိန်ခေါ်လိုက်ပြန်သည်။ စစ်ကောင်စီက ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ဘူးဆိုသည့်သဘော။ ကိုယ် ရွေးချယ်ထားသောလမ်းကို တစ်ရွေးသားမျှ အတိမ်းမခံဘဲ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း  သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။

ထို့နောက် သြဂုတ် ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း စစ်ကောင်စီက ကြေညာခဲ့ကာ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်အဖြစ် ဆက်လက်ခန့်အပ်လိုက်ပြန်သည်။ ထို့ပြင် ၂၀၂၃ သြဂုတ်အထိ အရေးပေါ်ကာလ သတ်မှတ်ကာ ပြီးလျှင် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကြေညာခဲ့သည်။ ယင်းသည် စစ်ကောင်စီ၏ လမ်းပြမြေပုံဖြစ်ကြောင်း မြန်မာ့အရေး  ခေါင်းရှုပ်နေကြသော နိုင်ငံတကာသို့ အတိအလင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လမ်းပြမြေပုံကို ရိုးရိုးလေး ထပ်ချဲ့တွေးကြည့်သော် သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူရွေးကောက်ခံ ဒီချုပ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများကို တရားစွဲဆိုထားသည့်အတိုင်း ထောင်မကျ ကျအောင် ရအောင် ထောင်ချမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမည်။ ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါသော ရွေးကောက်ပွဲ ကျင်းပကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ် အနိုင်ရစေမည်။ ဆက်လက်ပြီး မင်းအောင်လှိုင်သည် စစ်တပ်က တင်သွင်းသော ဒုသမ္မတအဖြစ်မှသည် လွှတ်တော်တွင်း သမ္မတ ရွေးချယ်ပွဲတွင် မဲအများဆုံးရရှိသော သမ္မတကြီးအဖြစ်သို့။ လွှတ်တော်ထဲ၌လည်း ဘယ်ပါတီ ဘယ်လောက်နိုင်နိုင်၊ အထွတ်အထိပ်အာဏာသည် စစ်တပ်ဦးဆောင်မှုအောက်တွင်သာ ရှိရမည် ဆိုသော အခြေခံဥပဒေပြင်ဆင်ရေး။ ထိုမှသည် မင်းအောင်လှိုင်အနေနှင့် သူ မလုပ်ချင်မှသာ သမ္မတရာထူးကို သူ စိတ်ချရသူ စစ်ဗိုလ်ချုပ်တစ်ဦးဦးထံ လွှဲပြောင်းမည်ဆိုသည့်အပေါက်မျိုး။ 

တစ်ခွန်းတည်း ချုပ်ပြောရသော် မင်းအောင်လှိုင် အာဏာသိမ်းခြင်းနှင့်လမ်းပြမြေပုံမှာ ဗိုလ်သန်းရွှေ မအောင်မြင်ခဲ့သော စစ်တပ်ဦးဆောင်သည့် မြန်မာနိုင်ငံရေးကို ဗြောင်ကျကျ ပြန်လည် အသက်သွင်းရန်ကြိုးစားခြင်းဖြစ်သည်။

သို့သော် မြန်မာအာဏာရှင်အဆက်ဆက်တို့၏ လုပ်နည်းလုပ်ဟန်အတိုင်း အလျှံတညီးညီးတောက် လောင်နေသောမီးစကို တစ်ကမ္ဘာလုံးမြင်အောင်ကိုင်စွဲပြသလို အခြားတစ်ဖက်တွင်လည်း ရေမှုတ်တစ်ဖက် ကောက်ကိုင်ရန် မင်းအောင်လှိုင်မမေ့ခဲ့ပေ။

ထို့ကြောင့် သြဂုတ် ၁ ရက်နေ့၊ အာဏာသိမ်းခြင်း ၆ လပြည့် မင်းအောင်လှိုင်မိန့်ခွန်းပြောရာ၌ အာဆီ ယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း အတည်ပေါက် ပြောကြားခဲ့ခြင်းဖြစ် သည်။

ယခု အာဆီယံအထူးသံတမန်ကို စစ်ကောင်စီက အတည်ပြုခဲ့ခြင်းမှာ မင်းအောင်လှိုင်က ၎င်းပြောခဲ့ သည့် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုသောစကားကို လက်တွေ့ သက်သေပြလိုက်ခြင်းဖြစ်သည်။ သို့သော်၊ အာဆီယံမူ ၅ ရပ်ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်မြဲကျူးလွန်ဆဲဖြစ်သလို မူ ၅ ရပ်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသော စစ်ကောင်စီ၏လမ်းပြမြေပုံအား အတိအလင်းထုတ်ပြပြီးမှ ပူးပေါင်းမည်ဟု ပြောခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုခြင်းမှာ အထူးသံတမန်ခန့်အပ်မှုအပေါ် သ ဘောတူခြင်းမျှသာဖြစ်သည်။ အထူးသံတမန်နှင့်အဖွဲ့သည် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အဆီးအတားမရှိ လုံးဝလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း စစ်ကောင်စီအနေဖြင့် ကတိပြုထားခြင်းမရှိသေးပေ။ ထို့ ကြောင့် အထူးသံတမန်နှင့်အဖွဲ့သည် မြန်မာနိုင်ငံအတွင်းသို့ အချိန်မရွေး လွတ်လပ်စွာဝင်ရောက်ခွင့်နှင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အချိန်မရွေးတွေ့ခွင့်ရ၊ မရ ယခုတိုင်မရေရာသေးပေ။

သို့သော် ၊ မကြာမီအချိန်အတွင်း အထူးသံတမန်အဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် စစ်ကောင်စီက ခွင့်ပြုနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေသည့်ပုံစံမျိုး နိုင်ငံတကာအသိုင်းအဝိုင်းကို မြင်စေချင်သောကြောင့်ဖြစ်သည်။ ဘာ့ကြောင့် ထိုသို့မြင်စေချင်ရသနည်း။ လာမည့် စက်တင်ဘာတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုမခံရမှာကို စစ်ကောင်စီ သေမလောက်ကြောက်နေသောကြောင့် ဖြစ်သည်။

လက်ရှိတွင်လည်း စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံသောနိုင်ငံမှာ တရုတ်နှင့် ဘီလာရုစ်နှစ်နိုင်ငံသာရှိသေးသည်။ အကယ်၍ ကုလညီလာခံက အမျိုးသား ညီညွတ်ရေးအစိုး ရကိုသာ မြန်မာကိုယ်စားပြုအစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့လျှင် စစ်ကောင်စီသည် အာဏာကိုမည်သို့ကျစ်ကျစ်ပါဆုပ်ကိုင်ထားသည်ဖြစ်စေ၊ ကုန်းကောက်စရာမရှိသောဘဝသို့ အလိုအလျောက်ရောက်ရှိသွားပေမည်။

ယခုဆောင်းပါးကိုချုပ်ရသော် တရုတ်ကြီး၏အကာအကွယ်ကိုရယူ၊ အာဏာတည်မြဲရေးအတွက် တရုတ်ကိုဘာမဆို ပေးမည်ဆိုသည့်မူကို ခပ်လျှိုလျှိုကိုင်စွဲပြီး အာဆီယံမူ ၅ ရပ်ကို အပြကောင်းသော ရေမှုတ်ပမာ ဝေ့ကာ ဝိုက်ကာဖြင့် ဟန်ရေးပြခြင်းသည် စစ်ကောင်စီ၏ကစားကွက်ဖြစ်သည်။

ထို့ကြောင့်အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည်  အခန့်မသင့်လျှင် မြန်မာ့နွေဦးတော်လှန်ရေးကို စစ်ကောင်စီက မျှင်းသတ်နိုင်အောင် အချိန်ဆွဲပေးသည့်သဘောလည်း ဖြစ်သွားနိုင်ကြောင်း သတိကြီးကြီး ထားကြရန်လိုပေမည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024