ဒေါ်မြင့်မြင့်အေး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမည်
DVB
·
December 11, 2013
ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက သူ့ကို စွဲချက်မတင်ဘဲ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားတာကို အမြန်ဆုံး ရပ်ဆိုင်းဖို့နဲ့ စွဲချက်မတင်ရင် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
နတ္တလင်းမြို့နယ်ထဲ လယ်သိမ်းခံတောင်သူတွေဘက်က လိုက်ပါရပ်တည်ပေးရင်း ဒေါ်မြင့်မြင့်အေး တို့ကို ပေါင်းတည်ထောင်ထဲ ဖမ်းဆီးချုပ်နှောင်ထားတာ ဒီဇင်ဘာ ၁၀ ရက်မှာ ၆ လတိတိ ရှိသွားပြီဖြစ်ပါတယ်။
[caption id="attachment_20132" align="alignright" width="300"] ဒေါ်မြင့်မြင့်အေး[/caption]
အခုအချိန်ထိ တိုင်းတရားရုံးက စွဲချက်မတင်သေးတာကြောင့် ဒီဇင်ဘာ ၁၃ ရက်အထိ စွဲချက် မတင်ရင် ထောင်တွင်း အစာငတ်ခံဆန္ဒပြမယ်လို့ မနေ့က ရုံးချိန်းမှာ ဒေါ်မြင့်မြင့်အေးက ပြောဆိုလိုက်တာဖြစ်တဲ့အကြောင်း သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဟန်စုယဉ်က ပြောပါတယ်။
“နတ္တလင်းမြို့နယ်ကို ကျမတို့ သွားတဲ့အချိန်မှာ အမှုတွဲ ပြန်မရသေးလို့ဆိုပြီး ၂ ပတ် ပြန်ချိန်းလိုက်တယ်။ အမိန့်က မြန်မြန်ချသင့်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အချိန်ဆွဲမှာ မြင်နေရတယ်။ မနေ့ကဆိုရင် ၆ လပြည့်သွားပြီ။ အချုပ်ထဲမှာ နေနေရတာ သူတို့နစ်နာတယ်။ အဲဒီအတွက်ကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို မြန်မြန်ချပေးဖို့ သူတို့ တောင်းဆိုဖို့အတွက် အစာအငတ်ခံ ဆန္ဒပြဖို့ စီစဉ်ထားတယ်။ ကျမတို့က ဒီ ၁ ရက် ၂ ရက်တော့ စောင့်ကြည့် ဖို့ပြောထားပြီး ဒီအမှု မချမချင်း အစာငတ်ခံ ဆန္ဒပြကြမယ်လို့ ပြောပါတယ်။”
မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးနှင့် ဝိမုတ္ထိ္ထ လူမှုကူညီရေး အဖွဲ့မှ မခင်မိမိခိုင်နှင့် နတ္တလင်းပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုသန့်ဇင်ထက် တို့သုံးဦးကို ၆/၈၈ အသင်းအပင်းဥပဒေနဲ့ နတ္တလင်းမြို့နယ်ရဲစခန်းက တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် ရုံးချိန်းဟာ ၁၉ ကြိမ်မြောက်ဖြစ်ပါတယ်။