Home
နိုင်ငံရေး
ဩဂုတ် ၁၈ ရက်နေ့အတွက် အောင်လံလွှင့်ချီနွေဦးထီ ၅ သောင်း မိနစ်ပိုင်းအတွင်း ရောင်းကုန်
DVB
·
August 18, 2021

အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ရောင်းချနေတဲ့ ဩဂုတ် ၁၈ ရက်နေ့အတွက် နွေဦးထီလက်မှတ်စောင်ရေ ၅ သောင်းဟာ အချိန် ၁၅ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။ 

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက စတင်ရောင်းချခဲ့ပြီး နာရီပိုင်းအတွင်းမှာ တစ်ရက်စာလက်မှတ်စောင်ရေ ၅ သောင်းကို အကုန်ရောင်းချနိုင်ခဲ့ပါတယ်။ 

နွေဦးထီ ရောင်းချတာ ၄ ရက်မြောက်ရှိလာချိန်မှာ စောင်ရေ ၂ သိန်းကျော် ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။ 

နွေဦးထီကို ဆုကြေးလိုချင်လို့ ထိုးတာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြည်သူတွေ ရပ်တည်တယ်ဆိုတာကို ပြသချင်တဲ့အတွက် ထိုးတာလို့ ပါဝင်ကံစမ်းသူတွေကပြောပါတယ်။ 

စစ်ကောင်စီဘက်က ဘဏ်အကောင့်တွေပိတ်သိမ်းမယ်၊ လူတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိနေပေမယ့် ကြောက်နေရင် တော်လှန်ရေးက ရှေ့ကိုရောက်မှာမဟုတ်ဘူးလို့ နွေဦးထီ ကံစမ်းသူတဦးက ပြောပါတယ်။

နွေဦးထီထိုးတာက သမားရိုးကျကံစမ်းတယ်ဆိုတာထက် တိုင်းပြည်ပြန်ကောင်းလာအောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီတာလို့ ကံစမ်းသူတွေက ပြောပါတယ်။ 

CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ပြည်သူတွေက တတ်နိုင်တဲ့ဘက်က ထောက်ပံ့တာဖြစ်ပြီး ထီပေါက်တာ မပေါက်တာက အရေးမကြီးဘူးလို့ ဆိုကြပါတယ်။ 

နွေဦးထီရောင်းချတာကို ပုံမှန်ပြုလုပ်သွားမှာဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ နည်းပညာပိုင်းအရ ပြင်ဆင်စရာတွေရှိတဲ့အတွက် တစ်ရက် ရပ်နားဖို့ ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာန စီမံညွှန်ကြားရေးမှူးကတော့  မြန်မာနိုင်ငံမှာ KBZ ငွေပေးချေမှုစနစ်၊ Wave Money အပါအဝင် Mobile Payment ဖုန်းကနေငွေပေးချေနိုင်မှုတွေ၊ Online Payment တွေ၊ Bank Transfer အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ရတယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။ 

ဒီပြောဆိုချက်အရ ဘဏ်တွေကနေတဆင့် ငွေလွှဲတာဆို ပြဿနာရှိနိုင်ပေမယ့် သာမန်ငွေလွှဲလုပ်ငန်းတွေကနေ ထီဖိုးငွေတစ်သောင်းနှစ်သောင်းလွှဲတာအားလုံးကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုက်ကြည့်ဖို့မဖြစ်နိုင်ဘူးလို့ နည်းပညာသမားတွေက ဆိုပါတယ်။ 

နည်းပညာသမားတစ်ချို့ကတော့ NUG အနေနဲ့ လုံခြုံရေးစနစ်ကို ပိုကောင်းအောင်ဆောင်ရွက်သင့်တယ်လို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024