ရန်ကုန် ဆင်ခြေဖုံး ၁၀ မြို့နယ်ကို စီးပွားရေး ဗဟိုဌာနခွဲတွေအဖြစ် တည်ဆောက်မည်
DVB
·
December 11, 2013
ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ရန်ကုန် ဆင်ခြေဖုံး ၁၀ မြို့နယ်ကို စီးပွားရေး အချက်အချာနေရာ ဖြစ်လာစေဖို့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ)နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း စည်ပင်ဝန်ကြီး ဦးလှမြင့်က ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ အမတ်တယောက်ရဲ့ မေးခွန်းကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။
စီးပွားရေး ဗဟိုဌာနခွဲတွေအဖြစ် တည်ဆောက်မယ့် မြို့နယ်တွေကတော့ လှိုင်သာယာ၊ မရမ်းကုန်း မင်းဓမ္မနယ်မြေ၊ ဒဂုံမြို့သစ်၊ သီလ၀ါ ဆိပ်ကမ်းဒေသ၊ မှော်ဘီ၊ လှည်းကူး၊ သံလျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်နဲ့ ပဲခူးမြစ်ကမ်းဒေသတွေ ဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းအဆင့်အလိုက် အဲဒီနေရာတွေမှာ စက်မှုလယ်ယာမြေတွေ ဖော်ထုတ်မယ့်အပြင် နောင်တိုးတက်လာမယ့် ရန်ကုန်မြို့တော် လူဦးရေအတွက် အိမ်ခန်းပေါင်း ၁ သန်းလောက် အကောင်အထည် ဖော်သွားမယ်လို့လည်း ဦးလှမြင့်က ရှင်းပြပါတယ်။