ကမ္ဘောဒီးယားနဲ့ မြန်မာနှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကိုပြတဲ့အနေနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးဝါးအထောက်အပံ့တွေ၀ယ်ယူရေးအတွက် ဒေါ်လာ ၂ သိန်း လှူဒါန်းမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၁၇ ရက် ရက်စွဲနဲ့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပေးပို့တဲ့စာထဲမှာ ဟွန်ဆန်က သူဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အစပိုင်းကတည်းက ခိုင်မာတဲ့အစီအမံတွေနဲ့ ထိန်းချုပ်ပြီး တိုက်ဖျက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် အာဆီယံညှိနှိုင်းရေးစင်တာမှာ ကမ္ဘောဒီးယားက မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁ သိန်း ပေးဖို့ကတိပြုတဲ့အပြင်၊ ကမ္ဘောဒီးယားအစိုးရဆီကနေ ဒေါ်လာ ၂ သိန်းကို ငွေသားတိုက်ရိုက်လှူဒါန်းချင်တယ်လို့ ဟွန်ဆန်ကပြောပါတယ်။
ဒါ့အပြင် Mask အခုရေ ၃ သန်း၊ အမြန်စမ်းသပ်ကိရိယာ အခုရေ ၅ သိန်း၊ တကိုယ်ရေ အကာအကွယ်ပစ္စည်း PPE ဝတ်စုံ ၂၀၀၀ ၊ အောက်ဆီဂျင်ရှူစက် ၁၀၀ ၊ ventilators အသက်ရှူကိရိယာအလုံးရေ ၂၀ ၊ လူနာစောင့်ကြည့်ရေးအဆောက်အဦ ၂၀ အပါအဝင် ဆေးဝါးအထောက်အပံ့တွေကို မြန်မာနိုင်ငံကို လှူဒါန်းသွားမယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေး၀န်ကြီး မမ်ဘန်ဟန်က မကြာခင် မြန်မာနိုင်ငံကို အလှူငွေနဲ့ အကူအညီတွေ ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ အထူးလေယာဉ်ခရီးစဉ်နဲ့အတူ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမယ်လို့လည်း ဆိုပါတယ်။