Home
မေးမြန်းခန်း
“လွတ်အောင်ပြေးမယ်၊ မလွတ်ဘူးဆိုရင် အသေပဲခံလိုက်မယ်" ကိုကောင်းမင်းသန့်
DVB
·
August 18, 2021

၄၄ လမ်းဖြစ်စဉ်မှာတုန်းက သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကိုကောင်းမကင်းသန့်ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာမဟုတ်ဘဲ လွတ်မြောက်နယ်မြေ တနေရာကို ရောက်ရှိနေပါတယ်။ သူဘယ်လိုပုံစံမျိုး လွတ်မြောက်နယ်မြေကို ရောက်လာခဲ့သလဲ၊ ၄၄ လေးလမ်းဖြစ်စဉ်က ဘယ်လိုပုံစံ ဖြစ်ခဲ့သလဲဆိုတာ ကိုကောင်းမင်းသန့်နဲ့ ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထဦးဆုံး မေးချင်တာက ၄၄ လမ်းဖြစ်စဉ်က ဘယ်လိုပုံစံမျိုး စဖြစ်ခဲ့တာလဲဆိုတာကို အရင်ဦးဆုံး ရှင်းပြပေးပါဦး။ 

ဖြေ။ ။ ဘယ်လိုပုံစံမျိုးစဖြစ်ခဲသလဲဆိုတော့ ကျနော်တို့ စီးနေကျကားကို ဒီကောင်တွေက စီစီတီဗွီ ကနေပြီးတော့ ကားနံပါတ်နဲ့ ဖမ်းမိသွားခဲ့တယ်။ ဖမ်းမိပြီးတော့ အဲဒီကားကို ကြိုးကိုင်ပြီးတော့ ကျနော်တို့ နေတဲ့လမ်းထိပ်မှာ လာပြီးတော့ စောင့်နေခဲ့တယ်ဗျာ။ ကားသမားကိုလည်း ကျနော်တို့ ပုစွန်တောင်၊ ဗိုလ်တထောင်နယ်ထဲကို မလာခိုင်းတော့ဘူး။ ကားပြန်အပ်ခိုင်းလိုက်ပြီ။ ဒါပေမယ့် အဲဒီ ကားသမား ကျနော်တို့ကို ဖုန်းဆက်တဲ့အချိန်မှာ ရေကျော်ထဲကိုရောက်နေပြီ။ city mark ရှေ့မှာ စောင့်နေတယ်တဲ့။ ကျနော်တို့နဲ့ တွေ့ဖို့ချိန်းထားတာ သူ့ကားလည်းပါလာတယ်ဆိုတော့ ကျနော်တို့ စိတ်ထဲမှာထင်လိုက်ပြီဗျာ သူ့ကို မိသွားပြီလို့ ထင်လိုက်ပြီ။ ပြီးရင် သူက ပြန်သွားမယ်ဆိုပြီးတော့ ကျနော်တို့ လမ်းထပ်ကို ရောက်လာတယ်။ ကျနော်တို့ဆီကို ဖုန်းဆက်သွယ်လာတယ်ဗျာ။ သူကားဆီဖြည့်ချင်လို့ ၃ သောင်းလောက် သူ့ကို ခဏချေးပါပေါ့။ ကျနော်တို့ ဒီကလူတွေကလည်း သိတယ်ဗျာ။ သိတော့ လူကိုယ်တိုင်သွားမပေးချင်ဘူး။ လူကိုယ်တိုင်သွားမပေးဘူးဆိုတာက ကိုယ်တိုင်ပေးလို့ရှိရင် သူက ကျနော်တို့ သွားပေးတဲ့လူကို ကြည့်ပြီးတော့ ကျနော်တို့နေတဲ့အိမ်ကို လိုက်မယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ကို မျှားခေါ်ပြီး ထုတ်တာပေါ့။ ဒါပေမယ့် ကျနော်တို့ကလည်း  wave money နဲ့ လွှဲမယ်ဆိုတော့ သူကလည်း ဆက်ပြီး စောင့်နေတယ်ဗျာ။ wave money မဝင်သေးဘူးဆိုပြီးတော့ ဖုန်းတွေ ခဏခဏဆက်လို့ ကျနော်တို့ သူ့ဖုန်းကို ခဏ ဘလော့လုပ်ထားလိုက်တယ်။ ဘလော့လုပ်ပြီးတော့ စဉ်းစားစရာရှိတာကို စဉ်းစားတာပေါ့။ အဲလို စဉ်းစားပြီးတဲ့အချိန်မှာပဲ ကျနော်တို့ ဝေဖြိုးပေါ့ ဝေဖြိုးကို သူတို့မိသွားတော့ အိမ်ကို သေချာသိသွားပြီဗျာ။ အိမ်က လူအရေအတွက် ဘာညာက အစ အကုန်သိသွားတော့ အဲလို လူအရေအတွက်နဲ့ လိုက်တာပေါ့။ ဝေဖြိုးထွက်သွားတဲ့အချိန်တုန်းက လူသုံးယောက်ပေါ့နော် မဝေဝေမြင့်ရယ်၊ ကိုဝေယံထက်ရယ်၊ ကိုဝေဇော်ထက်ရယ် သုံးယောက်က မရှိဘူး။ ဒါပေမယ့် ဝေဖြိုး ထွက်သွားပြီးတော့မှ အဲဒီသုံးယောက်ကလည်းရောက်လာတယ်။ ရောက်လာတယ်ဆိုတာ ကျနော်တို့ကို အိမ်လခ ဘာညာအတွက် လာပြီးတော့ ပြောတာပေါ့။ အဲလို ကိစ္စတွေ လာပြောတဲ့အချိန်မှာပဲ သူတို့သုံးယောက်က ကံဆိုးချင်တော့ အဲဒီထဲကို ပါသွားခဲ့တာပေါ့။

မေး။ ။ အဲဒီ ၄၄ လမ်းက တိုက်ခန်းမှာ အဲ့ဒီနေ့က လူဦးရေ ဘယ်လောက်ရှိတာလဲ။ အဲဒီတိုက်ခန်းမှာ ဘယ်လိုပုံစံမျိုး လုပ်ကိုင်ဆောင်ရွက်ဖို့အတွက်  ရောက်နေကြသလဲဆိုတာကို ရှင်းပြလို့ရရင် ရှင်းပြပေးစေလိုပါတယ်။  

ဖြေ။ ။ လူဘယ်နှယောက်ရှိလဲဆိုတော့ ၇ ယောက်လောက်တော့ရှိမယ်ဗျာ။ ၇ ယောက် ၈ ယောက်ရှိတာကိုမှ မနက်ပိုင်း ၃ ယောက်က သူတို့အိမ်ကို သူတို့ပြန်သွားကြပြီ။ သူတို့အိမ်မှာ လုပ်စရာရှိလို့ သူတို့ ပြန်သွားကြတယ်။ ကျန်ခဲ့တာက ၆ ယောက်ပေါ့။  အဲဒီခုန်ချတဲ့ ၅ ယောက်ရယ်၊ ကျနော်တယောက်ပါအဝင် ၆ ယောက်ပေါ့။ အဲဒီ ၆ ယောက်မှာ ကျနော်တို့က ဘယ်လိုမျိုးလုပ်လည်းဆိုတော့ ကျနော်တို့က ဘယ်လိုပြောမလဲ စနစ်ကို မကြိုက်လို့ တော်လှန်နေတဲ့လူတွေဗျာ။ စစ်အာဏာရှင်တော်လှန်ဖို့ဆိုရင် အကုန်လုံးလုပ်တယ်ဗျာ။ အကုန်လုပ်တယ်ဆိုတာ ကျနော်အကုန်ထည့်မပြောတော့ဘူး။ မြို့နယ်သပိတ်ကော်မတီနဲ့လည်း Join တာပေါ့။ မြေပေါ်သပိတ်ကော်မတီတွေနဲ့လည်း Join ပြီးတော့ အင်အား ပူးပေါင်းပေးတယ်။ လိုတာတွေ ကူညီဖြည့်ဆည်းပေးတယ်ပေါ့။ အဲလိုပုံစံမျိုးလုပ်တာ။

မေး။ အဲဒီတော့ ဒီမှာတခုထပ်ပြီးတော့ မေးချင်တာက စစ်ကောင်စီက ကိုကောင်းမင်းသန့်တို့ရှိတဲ့နေရာကို ခြေရာခံပြီးလိုက်လာတဲ့အခါမှာ အိမ်ပေါ်ကနေ ခုန်ချလိုက်တဲ့ လူငယ်ရှိတယ်ဆိုတဲ့ သတင်းတွေကလည်း အများစိတ်ဝင်စားတဲ့ကိစ္စပေါ့။ ပြီးတော့ အဲဒီနေ့ဖြစ်စဉ် ကိုကောင်းမင်းသန့် မျက်မြင် မြင်တွေ့တဲ့ကိစ္စကို ပြောပြပေးပါ။ 

ဖြေ။ ။ အဲဒီကိစ္စကို ပြောရမယ်ဆိုလို့ရှိရင် အောက်မှာက ၄ ယောက်၊ အခုနက ကျနော် လူအရေအတွက် ပြောတာ နည်းသွားတယ်။ နည်းသွားတယ်ဆိုတာ အဖမ်းခံရတဲ့ သီဟ ကောင်းဆက်နဲ့ ပိုးကျော့ကျော့ခန့်အပါအဝင် ကျနော်တို့ အားလုံးရှိတာ ၈ ယောက်ဗျာ။ ဝေဖြိုးနဲ့ဆိုရင် ၉ ယောက်၊ ဝေဖြိုးတယောက်က မိသွားပြီ။ ပိုးကျော့ကျော့ခန့်နဲ့ သုံးယောက် ကျနော်တို့အားလုံး ၆ ယောက်၊ အိမ်ထဲမှာ ရှိနေတဲ့လူ ၅ ယောက်က ခုန်ချတယ်။ ကျနော်က လွတ်သွားတဲ့လူဆိုတော့ ကျနော်နဲ့ ရဲမင်းဦးက ဝရန်တာကနေ ကြည့်နေတဲ့အချိန်မှာ အဲလိုဟို အာာရဖက်ကားအဖြူနဲ့ အင်အားတော်တော်များတယ်။ အင်အားလည်းများတယ်။ အချိန်လည်း တော်တော်ကြာခဲ့တယ်ဗျာ။ ပြီးတော့ ရဲမင်းဦးခုန်ချတဲ့အချိန်မှာ ကျနော် မမြင်လိုက်ဘူး။ ကျနော် ခေါင်းမိုးပေါ် ကျော်တက်နေတဲ့အတွက် ကျနော်မမြင်လိုက်ဘူး။ ဒါပေမယ့် နောက်လူ ၄ ယောက်ခုန်ချတဲ့အချိန်မှာတော့ ကျနော် အနောက်ခေါင်းမိုး တစက်မိန့်နားမှာရှိနေတော့ ကျနော်မြင်လိုက်ရတယ်ဗျာ။ အဲတော့ သူတို့ရဲ့ dead body position တွေက ပက်လက်တွေကို ဒီကောင်တွေ ဘယ်လိုမျိုး အကျင့်ရုတ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်လိုက်တယ်ဆိုတာတော့  ကျနော် မသိလိုက်ဘူးဗျာ။ ဘာလို့လဲဆိုတော့ သူတို့ ပြုတ်ကျသွားပြီးတဲ့အချိန်မှာ ဒီကောင်တွေ နောက်ဖေးလမ်းကြားကိုလည်း ပိတ်ထားတယ်။ နောက်ဖေးလမ်းကြားကို ဝင်လာတော့ ကျနော် အရှေ့ကိုသွားမှ ရတော့မယ်ဆိုတာ အဲတော့ ကျနော်အရှေ့ကို ကူးသွားတာဗျာ။ 

မေး။ ။ကျနော်တို့ အပြင်မှာ ကြားရတဲ့သတင်းတွေအရဆိုရင် တိုက်ရဲ့ခေါင်မိုးပေါ်ကနေပြီးတော့ ခုန်ချတယ်။ ဘယ်နှလွှာက ခုန်ချတယ်ဆိုတဲ့ကိစ္စကို ကိုကောင်းမင်းသန့် နည်းနည်းလောက် ပြောပြပေးပါ။ ပြီးတော့ ခုန်ချသွားတဲ့သူတွေ မသေမရှင်ဖြစ်နေတဲ့အခါမှာ စစ်ကောင်စီကနေပြီးတော့ သေနတ်နဲ့ ပစ်သတ်တာတွေ၊ ထုထောင်းရိုက်နှက်တာတွေ ရှိနေတယ်ဆိုတဲ့အကြောင်းတွေကလည်း သတင်းတွေထွက်လာတယ်။ အဲဒီကိစ္စအပေါ် ကိုကောင်းမင်းသန့် ဘယ်လိုမြင်ခဲ့တာရှိလဲ။ 

ဖြေ။ ။ဘယ်လိုမြင်ခဲ့တာရှိလဲဆိုတော့ သေနတ်ပစ်သံကြားရတယ်။ ဒါပေမယ့် အောက်မှာ အသက်ငွေ့ငွေ့ ကျန်တဲ့လူကိုလည်း သေနတ်ဒင်နဲ့ထုတယ်။ ထုတယ်ဆိုတာ အဲဒီ အသက်ငွေ့ငွေ့ကျန်တဲ့လူကလည်း မသေသင့်ဘဲနဲ့ သေသွားခဲ့တာတွေလည်း ရှိရင်ရှိလိမ့်မယ်ဗျာ။ တိုက်က တကယ်တမ်း အရှေ့က ကျနော်တို့ ကွန်ဒိုပေါ့။ ဆောက်ထားတဲ့တိုက်နဲ့ ယှဉ်မယ်ဆိုရင်တော့ ၆ လွှာအမြင့်လောက်ရှိမယ်ဗျာ။ ကျနော်တို့နေတဲ့တိုက်က ဟိုးအရင်က တိုက်ဆိုတော့ ၄ လွှာ တော်တော်မြင့်တယ်ဗျာ။ ၆ လွှာ အနေအထားရှိမယ်ဗျာ။”

မေး။ ။ အဲဒီနေ့ သေသွားတဲ့ဖြစ်စဉ်မှာ သတင်းတွေ ထွက်ခဲ့သလို ၅ ယောက်သေတာ ဟုတ်ပါသလား။ 

ဖြေ။ ။ ၅ ယောက်သေတာ ဟုတ်ပါသလားဆိုတော့ ၂ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒါပေမယ့် အဲဒီ ညီအစ်ကို နှစ်ယောက်ကျတော့ ကျနော်တို့ စိတ်ထဲမှာထင်တာပေါ့နော်။ ညီအစ်ကိုနှစ်ယောက်လည်း သေသွားတယ်ပဲ ထင်တယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်က ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့အတန်းမှာ တခြားလူသင်္ဂြိုဟ်လို့ မရဘူးလေ၊ စစ်ကောင်စီသင်္ဂြိုဟ်တဲ့ အတန်းမှာ မဝေဝေမြင့်ရဲ့ အမျိုးသားတင်ထားတာတော့ အနောက်မှာ ၂ လောင်း၊ အရှေ့မှာ ၁ လောင်း။ အရှေ့က ၁ လောင်းက ခြေထောက်မှာ သွေးတွေနဲ့ဆိုတော့ ၄ လောင်းဖြစ်ဖို့များတယ်ဗျာ။ တကယ်တမ်း သေဆုံးတာက ၂ လောင်း၊ ဒါပေမယ့် ၄ လောင်းဖြစ်ဖို့များတယ်။ အဲဒီ မင်းသစ္စာအောင်ဆိုတဲ့ ကောင်လေးကတော့ ကုတင် တစ်ထောင်မှာလားမသိဘူး ဆေးကုသမှုခံယူနေတယ်။ ဦးနှောက်ထိတာ တော်တော် စိုးရိမ်ရတယ်ပြောတယ်။

မေး။ ။ သူတို့ ခုန်ချမယ်ဆိုတာ နဂိုကတည်းကိုက စီစဉ်ထားတာလား၊ ဒါမှမဟုတ် အမိမခံဘူး။ ခုန်ပဲ ချလိုက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိခဲ့တာလား၊ ဘယ်လိုပုံစံမျိုးလဲ။ 

ဖြေ။ ။ ဟုတ်တယ်။ ဟုတ်တယ်။ အဲလိုဆုံးဖြတ်ချက်။ အရှင်အမိမခံနိုင်ဘူးဗျာ။ ပြီးတော့ ဆုံးဖြတ်ချက်က ဟိုးအရင်ကတည်းက ရှိပြီးသားဗျာ။ လွတ်အောင်ပြေးမယ်၊ မလွတ်ဘူးဆိုလို့ရှိရင် အသေပဲ ခံလိုက်မယ်ဆိုတဲ့ ပုံစံမျိုး၊ လုံးဝ သူတို့လက်ထဲမှာ အရှင်အမိမခံနိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က ကျနော်တို့ စပြီး အဖွဲ့အစည်း စဖွဲ့ကတည်းက အဲဒီဆုံးဖြတ်ချက်က အကုန်ရှိတယ်ဗျာ။ လွတ်အောင်ပြေးနိုင်တဲ့လူက ပြေးပေါ့။ မလွတ်လို့ကျန်ခဲ့မယ့်လူကတော့ တခြားအဖွဲ့ ကျန်တဲ့လူကို လက်ညှိုးထိုးမယ့်အစား သေခံလိုက်မယ်ဆိုတဲ့ သဘောတူညီချက်က အကုန်လုံးက ရှိပြီးသားလူတွေဖြစ်တဲ့အတွက် သူတို့ အဲလိုမျိုးခုန်ချသွားတာဗျာ။ နောက်ဆုံး ကျန်ခဲ့တဲ့လူ နှစ်ယောက် ဖမ်းမိခံရတာဗျ။ 

မေး။ ။ အဲတော့ ကိုကောင်းမင်းသန့်က အဲဒီအချိန်မှာ တိုက်ရဲ ခေါင်မိုးပေါ်ရောက်နေတယ်လို့ ပြောတယ်။ အဲတော့ အဲဒီကနေပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ လွတ်မြောက်သွားသလဲ။ 

ဖြေ။ ။ ဘယ်လိုပုံစံမျိုး လွတ်မြောက်သွားသလဲဆိုတော့ ကျနော်အဲဒီမှာ ကျနော် သူတို့လာဖမ်းတဲ့အချိန်က ၂ နာရီ သုံးနာရီဝန်းကျင်ကနေပြီးတော့ ကျနော်ည ၂ နာရီလောက်အထိ ကျနော် အဲဒီခေါင်မိုးပေါ်မှာပဲ နေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီနားမှာ အရပ်ဝတ်တွေနဲ့လည်း ပတ်တယ်။ ပြီးတော့ ညဘက်ကင်းကလည်း လမ်းထဲဝင်ပတ်တယ်ဗျာ။ အဲနားမှာ အရပ်ဝတ်လည်းရှိတော့ ကျနော် ခေါင်မိုးပေါ်ကနေပြီးတော့ ဟိုဘက်တိုက်တွေကို သွားတယ်။ ဟိုဘက်တိုက်တွေရဲ့ အရှေ့တစက်မိတ်တွေကနေ ဆင်းလို့ရလားဆိုပြီး ကျနော်ကြည့်တယ်ဗျာ။ ကျနော် အိမ်ထဲကို ပြန်ဝင်သေးတယ်။ အဲဒီကျနော် ပြေးသွားတဲ့နေရာကနေ အိမ်ထဲပြန်ဝင်တော့ အိမ်သော့ခတ်သွားတယ်။ ဒီကောင်တွေ ခတ်သွားတယ်။ အိမ်သော့ နှစ်ထပ် ခတ်သွားတယ်ဗျာ။ အိမ်ထဲမှာဝင်ပြီးတော့ ရှိတဲ့အဝတ်တွေဘာတွေ လဲပြီးတော့ ရုပ်ဖျက်ပြီးတော့ ခေါင်မိုးကနေ တွယ်ဆင်းပြီးတော့ ကျနော် ထွက်သွားတယ်ဗျာ။ ဒီကောင်တွေ လမ်းထိပ်မှာလည်း အရပ်ဝတ်တွေဘာတွေနဲ့ စောင့်နေတာ။ ကျနော်က တခြားတိုက်အိမ်တအိမ်ရဲ့ ဝရန်တာကနေ တွယ်ဆင်းသွားတာ၊ သူတို့တွေ အဲဒီအိမ်ကိုပဲ မဲနေတဲ့အတွက် ဒီဘက်ကို သတိမထားလိုက်ဘူးထင်တယ်။ 

မေး။ ။ အဲတော့ ကိုကောင်းမင်းသန့်က အဲဒီနေ့မှာပဲ လွတ်မြောက်ခဲ့တာပေါ့။ 

ဖြေ။ ။ အဲဒီမနက်မှာ။ မနက် ၃ နာရီခွဲလောက်အချိန် ကျနော် အဲအချိန်ဖုန်းလည်းရှိနေတော့  ၃ နာရီခွဲ နည်းနည်းမှောင်နေတဲ့အချိန်ဆိုတော့ ၄ နာရီ ၅ နာရီ လူတွေနဲ့ရောပြီးတော့ ကျနော် ထွက်သွားတာ။ ကျနော့်ကို တကယ်စာရင်းပျောက်ပြီးတော့ ဒီကောင်တွေ မသိဘဲနဲ့ မီဒီယာကနေ တင်ပြီးမှ ကျနော် စာရင်းပျောက်နေတယ်ဆိုတာ သိပြီး ကျနော်အိမ်က ကျနော့် dead body တွေကိုတောင်းတော့ ဗိုလ်တထောင် ရဲစခန်းက ပိုက်ဆံ ၂၆ သိန်းနဲ့ ကျနော့် dead body ကို ရွေးခိုင်းတယ်ဗျာ။ ကျနော်အိမ်ကလည်း မရွေးဖြစ်ခဲ့ဘူးဗျာ။ အဲလောက်အထိ မတတ်နိုင်တော့ မရွေးဖြစ်ခဲ့ဘူး။ dead body ကို ၂၆ သိန်းနဲ့ တောင်းတယ်။ ဗိုလ်တထောင်ရဲစခန်းက တောင်းတာ။ အိမ်က မပေးခဲ့ဘူး။ မပေးခဲ့ဘူးဆိုတာ ပေးမယ့်ရက်မှာ ကျနော်လွတ်နေတာကို သူတို့သိသွားခဲ့တယ်။

မေး။ ။ စစ်ကောင်စီကနေပြီးတော့ ကိုကောင်းမင်းသန့်တို့ ရှိနေတဲ့ ၄၄ လမ်းဖြစ်စဉ်ကို ဝင်ရောက် ဖမ်းဆီးတဲ့အခါမှာ သူတိုဘက်က ထုတ်ပြန်တဲ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကိုကောင်းမင်းသန့် ဘာများ ပြောချင်လဲဗျာ။ 

ဖြေ။ ။ ဘာတခုမှ အမှန်မရှိဘူး။ သေဆုံးတာကအစ တခုမှ အမှန်မရှိဘူး။ ဘာလို့လဲဆိုတော့ စာရင်းအသေအချာ အတိအကျ မသိဘဲနဲ့ကို အဲလို သေဆုံးတယ်ဆိုပြီးတော့ လွှင့်တာတွေလည်းရှိတယ်။ ပြီးတော့ မသေဘဲနဲ့ သေတယ်ဆိုပြီး လွှင့်တာတွေလည်းရှိတယ်ဗျာ။ ဘာတခုမှ အမှန်မရှိဘူး။ မူးယစ်ဆေးဝါးကိစ္စတွေရယ်၊ ပြီးရင် မဝေဝေမြင့်နဲ့ ဖောက်ပြန်တဲ့ကိစ္စတွေရယ် ဘာတခုမှအမှန်မရှိဘူးဗျာ။ မဝေဝေမြင့်ဆိုတာ သူ့သိက္ခာနဲ့ သူ့ဘာသူနေတဲ့အစ်မ၊ ကျနော်တို့နဲ့ဆိုရင် အစ်မကြီးတယောက်ပေါ့၊ သူ့ဘာသူ အေးဆေးနေတဲ့ အစ်မကြီးတယောက်ကို အဲလိုမျိုး နာမည်ဖျက် ပုတ်ချတောတွေ ဘာတွေကျတော့ ဒီလိုမကောင်းတာတွေပဲ စုနေတာ၊ ဘာတခုမှမကောင်းဘူး။ ပြီးတော့ ဘာတခုမှလည်း အမှန်တွေမရှိဘူး။

မေး။ အဲဒီနေ့မှာ ထွက်ခဲ့တဲ့ သူတို့ စစ်ကောင်စီအချင်းချင်းပြောတဲ့ အသံဖိုင်ကိုကော ကိုကောင်းမင်းသန့် နားထောင်ပြီးသွားလောက်ပြီထင်တယ်။ အဲဒီထဲက ပြောခဲ့တဲ့အသံတွေက အမှန်တွေ ပါသလား၊ ဖြစ်စဉ် အမှန်တွေ ဖြစ်သလားခင်ဗျာ။ 

ဖြေ။ ။ မမှန်ဘူး။ မမှန်ဘူး။ ဒီကောင်တွေဘက်က စီစီတီဗွီတွေ ကြည့်ပြီးတော့ မသိဘူးဆိုပြီး ဆိုက်ဝါးလွှင့်တာတွေရော၊ ဝေါကီတော့ကီနဲ့ ပြောတာတွေရော အကုန်လုံးက မှန်တဲ့ဥစ္စာ မပါဘူးဗျာ။ ၄၄ လမ်း ဝင်ဖမ်းတယ်ဆိုတာ ခုန်ချတာတွေပဲ မှန်တယ်။ သူတို့ သေနတ်နဲ့ပစ်တာတွေ၊ သေနတ်ဒင်နဲ့ ထုထားတာတွေ အကုန်လုံးကို ဖုံးထားတယ်ဗျာ။ အဲဒီမူးယစ်ဆေးဝါးအမှုနဲ့ ဖောက်ပြန်တဲ့အမှုတွေ နဲ့ အကုန်လုံးကို ဖုံးထားတယ်။ ပြီးတော့ မိသွားတဲ့နှစ်ယောက်ကိုလည်း သူတို့ ဇာတ်လမ်းဆင်ပြီးတော့ ပြောခိုင်းတာ။ ကျနော်တို့ လုပ်ထားတဲ့ဥစ္စာတွေကို သေချာစီတယ်။ ပြီးတော့ လူတွေကို သေချာစီပြီး  ဇာတ်လမ်းဆင်းပြီး‌တော့ ပြောတာဗျာ။ အဖွဲ့အစည်းကို သူတို့အကုန်လုံးကိုစစ်တယ်။ အကုန်လုံးကို စစ်ပြီးတော့ ဖော်ခဲ့တယ်ဗျာ။ ဖော်ပြီးတော့မှ ဒီကောင်တွေက ဇာတ်လမ်းဇာတ်ကွက်ဆင်လိုက်တာ။ သူတို့ အကုန်လုံးကို စစ်တယ်ဗျာ။ သူတို့အကုန်လုံစစ်ပြီးတော့ တခြား ကျန်နေတဲ့ ရဲဘော်တွေရဲ့အိမ်ကိုလည်း  ဝင်စစ်တယ်။ ဝင်စစ်ပြီးတော့ လူမရှိဘူးဆိုလို့ရှိရင် ပစ္စည်းတွေကို အဲလို ဆာလာအိတ်တွေနဲ့ သယ်သွားတယ်။ 

မေး။ ။ ဒီဖြစ်စဉ်မှာ ကိုကောင်းမင်းသန့်အနေနဲ့ ဘာများထပ်ပြီးတော့ ဖြည့်စွက်ပြောစရာများရှိပါဦးမလဲ။ ပြည်သူတွေသိသင့်တယ်ထင်ပြီး မသိဘဲ သတင်းအမှားတွေနဲ့ ဖုံးလွှမ်းနေတာ၊ ဒါတွေကို ကိုကောင်းမင်းသန့်အနေနဲ့ ထပ်ပြီးတော့ ပြောပြချင်တယ်ဆိုရင်လည်း ပြောပြပေးပါခင်ဗျာ။ 

ဖြေ။ ။ ကျနော်ပြောချင်တာကတော့ဗျာ။ ကျနော် ရန်ကုန်မှာကော၊ ဒီဘက်လွတ်မြောက်နယ်မြေဘက်ကို ရောက်တဲ့အထိကို ထောက်လှမ်းရေးတွေ ကျနော့်ကို လိုက်တယ်ဗျာ။ ကျနော်တို့ ဟိုးအရင် ငယ်ငယ်တုန်းက ဘာမှမသိတဲ့အချိန်တုန်းက ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေထဲကို ဒီလိုမကောင်းသတင်းတွေ ဆိုက်ဝါးတွေကိုဖြန့်တာ တကယ်တမ်း KNU က ခိုလှုံခွင့်ပေးထားတယ်ဗျာ။ ကျနော် PDF ထဲလည်းမဝင်ဘူး။ ကျနော် KNU ထဲမှာ ခိုလှုံနေတဲ့လူပေါ့။ အဲတော့ ကေအန်ယူ အဖွဲ့အစည်းကပဲ တကယ်မိသားစုပုံစံမျိုးနဲ့ ခိုလှုံခွင့်ပေးထားတာပါ။ ဒီကေအန်ယူအဖွဲ့အစည်း ဒီဘက်ထဲမှာမရှိဘူးဆိုရင် ကျနော် ပြေးစရာ မြေမရှိဘူးဗျာ။ အဖမ်းမခံရရင် အသတ်ခံရမှာ၊ ဒါကြောင့် KNU အဖွဲ့အစည်းကို ကျနော် တော်တော်ရင်ထဲက လှိုက်လှိုက်လှဲလှဲ တကယ်ကို ကျေးဇူးတင်တယ်ဗျာ။

မေး။ ။ ကိုကောင်းမင်းသန့်အနေနဲ့ ရှေ့ဆက် ဘာဆက်လုပ်မလဲ။ 

ဖြေ။ ။ ရှေ့ဆက် ဘာဆက်လုပ်မလဲဆိုတော့ ဒီထဲမှာ စစ်ပညာထပ်ပြီးသင်မယ်။ ပြီးတော့ နိုင်ငံရေးနဲ့ တော်လှန်ရေးကို ရသလောက် ပူးတွဲပြီးတော့ လုပ်မယ်။ အဓိကကတော့ ကျနော်တို့ရဲ့ ဘုံပန်းတိုင်က စစ်အာဏာရှင်စနစ်လုံးဝပြုတ်ကျဖို့ကိုပဲ ကျနော်လုပ်သွားမှာ၊ နိုင်တဲ့ဘက်ကပေါ့ဗျာ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024