Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့တွင် NLD ပါတီကို အားပေးထောက်ခံသည့် မိသားစု ဖမ်းဆီးခံရ
DVB
·
August 18, 2021
234611251_1159019471258728_4649666973843418311_n

မကွေးတိုင်း၊  တောင်တွင်းကြီးမြို့၊ တောင်ပြင် ၁ ရပ်ကွက်၊ အောင်သပြေလမ်းမှာနေထိုင်တဲ့ NLD ပါတီကို အားပေးထောက်ခံတဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုအောင်မျိုးသန့် (ခေါ်) ကိုညှပ်စိ၊ ဇနီး မစပယ်ဌေး နဲ့ သား၊ သမီးတွေကို သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်စီးကားအဖြူလေးနဲ့ အရပ်ဝတ်တွေနဲ့လာပြီး ရိုက်ပုတ်ပြီးဖမ်းခေါ်သွားတာ။ တမိသားစုလုံးပါသွားတယ်။ ဘယ်ကိုခေါ်သွားလည်း မသိသေးဘူး။” 

ကိုအောင်မျိုးသန့်တို့ လင်မယားအပြင် ၁၃ နှစ်ဝန်းကျင် သမီး ၁ ယောက်နဲ့ ၁၁ နှစ်ဝန်းကျင် သား ၁ ယောက်တို့ကိုလည်း ခေါ်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “ကျန်ခဲ့တဲ့ရက်အနည်းငယ်က စစ်ဗိုလ်တစ်ယောက်ရဲ့မိန်းမနဲ့ ဖေ့ဘွတ်ခ်ပေါ်ကနေ အကြီးအကျယ်စကားများကြတယ်။ အဲ့တာကြောင့် တမင်ချောက်တွန်းခံရပြီး အဖမ်းခံရတာဖြစ်နိုင်တယ်။ ဖမ်းခေါ်သွားပြီးသိပ်မကြာဘူး၊ သူတို့ရဲ့ဖုန်းတွေကို နောက်တခေါက် ပြန်လာယူသွားတယ်'' လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုအောင်မျိုးသန့်တို့မိသားစုဟာ  NLD ပါတီကို အားပေးထောက်ခံသူတွေဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024