မကွေးတိုင်းဒေသကြီး စလင်းမြို့ မြို့ဝင်ဂိတ်မှာ သြဂုတ် ၁၇ ရက်နေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၇ ယောက်ချထားတဲ့ စလင်းမြို့တောင်ဘက် မြို့ဝင်ဂိတ်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၂ ယောက် အခြေအနေ စိုးရိမ်ရတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြောင်းအမျိုးမျိုးပြပြီးတော့ ပြည်သူတွေကို စစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်နေကြတာကြောင့် အခုလို ဗုံးဖောက်ခွဲခံရတာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာ အဲဒီမြို့ဝင်ဂိတ်ကို စစ်ကောင်စီတပ် အင်အားအများအပြား ရောက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို တားမြစ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။