ထိုင်းတောင်ပိုင်းတွင် အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန် ဖမ်းမိ

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က ဆယ်ဘီးကားနဲ့တင်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ သန်း ၃၀၀ လောက်တန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေး  အလေးချိန် ကီလိုဂရမ် ၁၀၀၀  (၁ တန်) ကို ဖမ်းဆီးရမိတယ်လို့ ယလားခရိုင် ရဲတပ်ဖွဲ့က  ဩဂုတ် ၁၅  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးရောင်း ဝယ်မှုတွေရှိနေပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း ပတ္တနီခရိုင် နောင်ကျစ်မြို့နယ်ထဲမှာ စိတ်ကြွဆေးအလုံးပေါင်း နှစ်သန်းကျော်ကို ဖမ်းဆီးရမိခဲ့ရာက တရားခံနဲ့ ဆက်နွှယ်သူတွေကို စုံစမ်းထောက်လှမ်းနေခဲ့တယ်လို့ ယလားခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဩဂုတ် ၁၃ ရက် မနက် ၂ နာရီခွဲက မသင်္ကာစရာ ၁၀ ဘီးကား တစ်စီးနောက်ကို နောက်ယောင်ခံလိုက်ခဲ့ပြီး အဆိုပါကားမှ ဟတ်ယိုင်မြို့နယ် ခေါဟုန်ရပ်ကွက်အပိုင်း အာရှလမ်း မကြီးပေါ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဝင်ရောက်နားနေစဉ် တာဝန်ရှိသူတွေက ဝင်ရောက်စ စ်ဆေးပြီး ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ရောသယ်လာတဲ့ အိုက်စ်မူးယစ်ဆေး ၁၀၀၀ ကီလိုဂရမ် ( ၁ တန် ) ကိုဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးမှာ နိုင်းအပ္ပဒူလ်အမန် ( ၄၀ နှစ် ) နဲ့ နိုင်းယာဟာလီ ကျေဟ ( ၃၃ နှစ် ) တို့ကို ကနဦးဖမ်းဆီးပြီး ဆက်လက်ဖော်ထုတ်စစ်ဆေးရာမှာ ပါဝင်ပတ်သက်သူ နောက်ထပ် ၃ ဦးတို့ကို နာရာသီဝပ်ခရိုင်ရှိ နေရာ ၂ ခုမှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ကနေ အိုက်စ်စိတ်ကြွဆေး ၁ တန် ၊ အီဇူးစူး ၁၀ ဘီးကား ၁ စီး ၊ အီဇူးစူး ဟိုင်းလပ်စ်ကား ၁ စီး၊ နစ်ဆန်ကား ၁ စီး၊ တယ်လီဖုံး ၇ လုံးတို့ကို ဖမ်းဆီးရမိသလို ပါဝင်ပတ်သက်သူတို့ရဲ့  ဘတ် ၈ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်း ထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ မူးယစ်ဂိုဏ်းဟာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မူးယစ်ဆေးဝါးတွေကို ဝယ်ယူပြီး  ထိုင်းတောင်ပိုင်းဒေသနဲ့ တဘက်မလေးရှားနိုင်ငံသို့ တင်သွင်းနေ တာလို့ တာဝန်ရှိသူက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ကိုးကား- ThaiCrime/Ch7

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up