ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်းက လူပေါင်း ၂၅၀၀ ကျော် နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတခုမှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေပြီး ဩဂုတ် ၄ ရက်ကနေ ၁၆ ရက်နေ့ အထိ ကူးစက်ခံရသူ ၄၈ ဦးရှိလာတယ်လို့ စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။
“အခု ဒီနေ့ရက်အထိ ကျနော်တို့ ဒီဧရိယာထဲမှာတွေ့တာကတော့ case က ၄၈ case ရှိသွားပြီ။ များသောအားဖြင့်ကတော့ လက္ခဏာအပျော့စားတွေပါပဲ။ အနံ့ ပျောက်တယ်၊ နှာစေး၊ ချောင်းဆိုး ဒီလောက်ပဲ။ လက္ခဏာပြင်းထန်တာက ၃ ယောက်လောက်တော့ ရှိတယ်။ တယောက်က အောက်ဆီဂျင် လိုတယ်ပေါ့နော်။ အဲဒီတယောက်ကတော့ အခု recover ပြန်ဖြစ်သွားပြီ။ နောက်နှစ်ယောက်ကတော့ အောက်ဆီဂျင်တော့ မပေးသေးဘူး။ တချက်တော့ စောင့်ကြည့်နေရတယ်။ အောက်ဆီဂျင်က နည်းနည်းကျချင်နေတယ်ပေါ့နော်”
အဆိုပါ စစ်ရှောင်စခန်းမှာ ဩဂုတ် ၄ ရက်ကစပြီး ဆေးခန်းလာပြတဲ့ ကျောင်းသူနှစ်ဦးဆီကနေ ကိုဗစ်ရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါကလေးတွေနဲ့ ဆက်စပ်တဲ့သူတွေကို ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များလာတာလို့ ဆိုပါတယ်။
လူနာတွေကို ကုသဖို့အတွက် ဒေသခံတွေက ကိုယ်ထူကိုယ်ထနဲ့ ယာယီ ကိုဗစ်စင်တာ ဆောက်လုပ်ထားပြီး လက်ရှိ ပိုးတွေ့လူနာတွေအားလုံးကို ယာယီခိုလှုံရာနေရာမှာပဲ ခေါ်ယူကုသပေးနေတာ ဖြစ်ပါတယ်။
ဒေါက်တာ ပြည့်ဖြိုးကျော်က “positive ဖြစ်တဲ့ လူနာတော်တော်များကို ကျနော်တို့က shelter ကိုပဲ ခေါ်ထားတာပေါ့နော်။ ခေါ်ထားပြီး ခွဲထားတယ်။ ပြီးတော့ ဧရိယာတခုလုံးကို လော့ဒေါင်း ချထားတာပေါ့နော်။ ဒါပေမဲ့ အမြဲတော့ လိုက်မစစ်နိုင်ဘူးပေါ့နော်။ အကုန်လုံးကိုတော့ အသိပေးထားတယ်။ လော့ဒေါင်း ၁၄ ရက် နေရမယ်ပေါ့နော်။ တော်တော်များများက လိုက်နာကြပါတယ်။ အခုထပ်တွေ့တဲ့လူနာဆိုတာကလည်း ဟိုတအိမ် ဒီတအိမ် အဲဒီလို မဟုတ်ဘူး။ မိသားစုတစုလုံး အဲဒီလို တွေ့ကြတာပေါ့။”
လက်ရှိကုသရေးအပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ကိုဗစ်စင်တာ နေရာပြည့်သွားလို့ နောက်ထပ်တည်ဆောက်ဖို့နဲ့ အောက်ဆီဂျင်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“တစ်ခု အခက်အခဲဖြစ်တာကတော့ ကျနော်တို့ ဆောက်ထားတဲ့ စင်တာက လူနာ ပြည့်လုနီးပါး ဖြစ်နေပြီပေါ့နော်။ စင်တာထပ်ဆောက်ဖို့ နေရာချဲ့ဖို့ကကျတော့ နေရာအခက်အခဲရှိတယ်။ ဆောက်ဖို့ လုပ်အားပေးတဲ့လူကော၊ နေရာရွေးရတာ နည်းနည်း အခက်အခဲတော့ ရှိတာပေါ့နော်။ နေရာရွေးတာက ကျနော့်လူနဲ့ နည်းနည်းဝေးတဲ့နေရာ ပြီးကျတော့ လုံခြုံရေးအရ စိတ်ချရတဲ့နေရာ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးဖြစ်ရမှာကိုး။ ဆိုတော့ အဲဒါတွေက အခက်အခဲရှိတယ်။ အောက်စီဂျင်ကလည်း ကျနော်တို့ ရသလောက်တော့ ဝယ်ပြီးတော့ လှောင်ထားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒါတွေက တကယ့်တကယ် အရေးပေါ်ဖြစ်လာတယ်ဆိုရင် လူအများကြီး ဖြစ်လာရင်တော့ လောက်မှာမဟုတ်ဘူး။ အခု တယောက်စာ၊ နှစ်ယောက်စာလောက်က လုံလုံလောက်လောက် ရှိတယ်ပေါ့နော်”လို့ ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။
ကယားပြည်နယ်က စစ်ရှောင်စခန်းတွေက စစ်နဲ့ ကိုဗစ်ရောဂါအကြား အခက်အခဲဖြစ်နေရသလို လွိုင်ကော်မြို့ပေါ်မှာလည်း ကိုဗစ်ကူးစက်မှုတွေဟာ နေ့စဉ်နဲ့အမျှ ဆက်လက်ကူးစက်ပြန့်ပွားနေပါတယ်။
သြဂုတ် ၁၅ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၁၁၀၅ ဦး ထိမြင့်တက်နေပြီး သေဆုံးသူ ၅၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။