မင်းတပ်တွင် စစ်ကောင်စီတပ်နှင့် မင်းတပ် CDF တိုက်ပွဲပြင်းထန်

မင်းတပ်မြို့ကို စစ်ကောင်စီက စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဩဂုတ် ၁၅ နဲ့ ၁၆ ရက်မနက်ပိုင်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့  မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မင်းတပ်-မတူပီလမ်း ၁၄ မိုင်မှာ စစ်ကြောင်း တစ်ခု၊ မင်းတပ်မြို့မြောက်ဘက် ရှစ်မွှေးရွာနဲ့ မွီတွီရွာတွေမှာ စစ်ကြောင်းတစ်ခုစီ စုစုပေါင်း စစ်ကြောင်း ၃ ခုနဲ့ မင်းတပ် PDF ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ 

ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်ကလည်း စစ်ကောင်စီတပ်တွေ ၁၄ မိုင်ကနေ တက်လာတဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စုစုပေါင်း လူအင်အား ၂၅၀ ကျော်အသုံးပြုခဲ့ပြီး လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။ 

ဩဂုတ် ၁၅ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ နီးပါးကျဆုံးခဲ့ပြီး မင်းတပ် CDF ဘက်က ကျဆုံးမှုမရှိသေးဘူးလို့ ဆိုပါတယ်။ 

မင်းတပ်မြို့မှာ ဧပြီလကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဇွန် ၂၃ ရက်မှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က ပြည်သူတွေကို ထောက်ထားတဲ့ အနေနဲ့ အပစ်ရပ်ထားဖို့ သဘောတူညီမှုယူခဲ့ပါတယ်။ 

ဒီနောက် ဩဂုတ် ၁၂ ရက်ကစပြီး စစ်ကောင်စီက ထိုးစစ်တွေပြန်ဆင်လာပြီး သာလွန် အင်အားနဲ့ မင်းတပ် CDF ကို အနိုင်ယူဖို့ ကြိုးစားလာတာလို့  မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတက်လာတဲ့ စစ်ကြောင်းတလျှောက်နဲ့ အနီးအနားရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ အရေးပေါ်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ခံ ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် အခက်အခဲမျိုးစုံရှိနေပေမဲ့ စစ်ကောင်စီကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးစားနေတယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

ဧပြီလက စတင်ဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်ကျ ဆုံးခဲ့ပြီး မင်းတပ် CDF ဘက်က ၃၀ ကျော်ကျဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up