ဟေတီတွင် ငလျင်နှင့်မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၀၀ ခန့်ရှိလာ

ဟေတီနိုင်ငံမှာ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၂ ရှိတဲ့ ငလျင်နဲ့ အပူပိုင်းမုန်တိုင်းတို့ကြောင့် သြဂုတ် ၁၅ ရက်အထိ သေဆုံးသူဦးရေ ၁၂၉၇ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက အဆောက်အအုံတွေအောက်မှာ နစ်မြုပ်နေတဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ကြိုးစားနေကြတာပါ။

ငလျင်ကြောင့် ကယ်ရစ်ဘီယံ ပင်လယ်ဝန်းကျင် ဒေသက ဟေတီမှာ ထောင်ချီတဲ့ အိမ်တွေ အဆောက်အဦတွေ ပြားပြားဝပ် ပျက်စီးခဲ့တယ်ပြီး ဒဏ်ရာရသူ အယောက် ၅၇၀၀ လောက်ကို ကုသပေးဖို့ ဆေးရုံတွေကို ပို့ဆောင်ကုသထားရတယ်လို့ ဟေတီအရပ်ဖက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

ငလျင်ဒဏ် ဆိုးဆိုးရွားရွားသင့်ခဲ့တဲ့ ဂျေရမီမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု ဌာနအားလုံး နေရာတွေ ပြည့်ကုန်လို့ ဆရာဝန်တွေက ဒဏ်ရာရ လူနာတွေကို သစ်ပင်အောက်က ထမ်းစင်တွေ၊ လမ်းဘေးက မွေ့ယာတွေ ပေါ်မှာ ကုသပေး နေရပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေအပါအဝင် အိမ်ခြေ ၁၄၀၀၀ လောက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့အပြင် အကျဉ်းထောင်တစ်ခုရဲ့ နံရံတွေ ပြိုကျပျက်စီးခဲ့ပြီး  အပျက်အစီးစာရင်း ပိုတိုးလာနိုင်တယ်လို့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောထားပါတယ်။

ဝန်ကြီးချုပ်က လေကာယက်မြို့ကို လာရောက်ခဲ့ပြီး ဒုက္ခအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ပြီး ရှင်သန်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေကို ချီးကျူးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလည်း အထောက်အပံ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဝေးလံတဲ့ ရွာတွေမှာ အိမ်ခြေအများအပြားက ထိခိုက်လွယ်တဲ့ အနေအထားမှာရှိနေပြီး တောင်စောင်းတွေမှာ ဆောက်ထားတဲ့ အိမ်တွေကလည်း မြေပြိုတဲ့ဒဏ်ကို ခံရနိုင်တယ်လို့ ActionAid ပရဟိတ အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဝေးလံသီခေါင်တဲ့ ဧရိယာတွေမှာ တယ်လီဖုန်းကွန်ရက် ပြတ်တောက်နေလို့ အသေ အပျောက်စာရင်း ပိုမြင့်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up