အောင်လံလွှင့်ချီနွေဦးထီ ရောင်းချမည့် အချိန်ရွှေ့ဆိုင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချမယ့် အချိန်ကို ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီအစား ညနေ ၄ နာရီမှာ ပြောင်းလဲရောင်းချသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေရှိနေတဲ့ အတွက် ထီစတင်ရောင်းချမယ့်အချိန်ကို  ညနေ ၄ နာရီ ပြောင်းရွှေ့ထားကြောင်း  NUG စီမံကိန်း၊ ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

နွေဦးထီနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်တက်ကြွမှုကို မျက်ဝါးထင်ထင်မြင်တွေ့ရတဲ့ အတွက် လွန်စွာဝမ်းမြောက်ကြောင်း၊ နွေဦးထီ အစီအစဉ် ကိုအကောင် အထည်ဖော်ရာမှာ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးသည်သာ အဓိကဦးစားပေးဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စစ်ကနေပြီး နည်းမျိုးစုံသုံးကာ နွေဦးထီ အစီအစဉ်ကို ပျက်ဆီးစေဖို့ လုပ်ဆောင်နေတဲ့အတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်တချို့ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိတာကြောင့် ထီစတင်ရောင်းချမယ့် အချိန်ကို မနက် ၁၀ နာရီအစား ညနေ ၄  နာရီသို့ ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

ကျန်တဲ့ရက်တွေမှာတော့  မူလသတ်မှတ်ထားတဲ့  အချိန်အတိုင်း မနက် (၁၀) နာရီကနေ ည (၁၀) အချိန်အတွင်း ထီလက်မှတ်များကို ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။

“အောင်လံလွှင့်ချီ နွေဦးထီ”ထိုးလိုသူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာရဲ့ Chat Box https://m.me/nuglottery က တဆင့်ဝင်ရောက်ရမှာ ဖြစ်ပြီး တခြားအချိန်တွေမှာတော့ စနစ်ကို အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနေတာကြောင့် အသုံးပြုလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထီတစောင်ကို ၂၀၀၀ ကျပ်ဖြစ်ပြီး အနည်းဆုံး ၅ စောင် ကံစမ်းရမှာဖြစ်ပါတယ်။

ပြည်တွင်းသုံး မိုဘိုင်းလ်ငွေကြေးစနစ်နဲ့ ပေးချေရမှာဖြစ်လို့ ကိုယ့်နာမည်နဲ့တရားဝင်ဖွင့်ထားတဲ့ အကောင့်တွေနဲ့ မပေးချေကြဖို့  NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၀န်ကြီးက သတိပေးထားပါတယ်။  

ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ထောက်ပံ့မှာဖြစ်လို့ ကျန်ငွေ ၃၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပေးမှာဖြစ်ပြီး ငွေကျပ် ၁၅ သိန်း ဆုမဲတွေပဲ ဖွင့်လှစ်မှာပါ။

အောင်လံလွှင့်ချီနွေဦးထီနဲ့ ပတ်သက်ပြီး ဆင်တူယိုးမှား လူမှုကွန်ရက်စာမျက်နှာတွေလည်း ရှိနေနိုင်တဲ့အတွက်  NUG  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာနရဲ့ တရားဝင် အပြာရောင်အမှန်ခြစ်ပါ https://web.facebook.com/MoPFINUG  ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ https://web.facebook.com/nuglottery/  လင့်ခ်ကနေ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up