မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်ကို ၂ – ၀ ဂိုးဖြင့် အနိုင်ရ

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအေ ပွဲစဉ်အဖြစ် ဒီနေ့ မြန်မာစံတော်ချိန် ၄ နာရီ မှာ မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ မြန်မာအမျိုးသမီးအသင်းရဲ့ ရှေ့တန်းညာခြမ်းနဲ့ ဘယ်ခြမ်း နှစ်ဖက်လုံး ထိုးဖောက်ပြီး ဖိလစ်ပိုင်ဂိုးရှေ့ အကြိမ်ကြိမ်တင်ပို့ခဲ့ပေမယ့် မြန်မာအသင်း ရှေ့တန်း တိုက်စစ်မှူးတွေ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ၂၅ မိနစ်အထိ ဂိုးမရရှိခဲ့ပေ။ women football copy၂၇ မိနစ်မှာ ဖိလစ်ပိုင်အသင်းက ထောင့်ကန်ဘောရရှိခဲ့ပြီး ဂိုးရှေ့ ကန်တင်ရာမှာ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၂၈ မိနစ်မှာ မြန်မာအမျိုးသမီး ရှေ့တန်းညာခြမ်းက တင်ပေးတာကို ဖိလစ်ပိုင် ဂိုးသမား ရှေ့ထွက်ဖျက်ထုတ်ရာမှ မြန်မာဘက်က ကျောနံပါတ် ၁၀ ခင်မာလာဝင်းက ရရှိပြီး ကန်သွင်းရာမှာ ဂိုးဝင်သွားပါတယ်။ မိနစ် ၃၀ မှာ ဖိလစ်ပိုင်အသင်းက ထောင့်ကန်ဘောထပ်မံရရှိခဲ့ပြီး ဂိုးရှေ့ကန်တင်ရာမှာလည်း မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနောက် မြန်မာအသင်းကပဲ ဆက်တိုက်ဖိကစားခဲ့ပါတယ်။ ၄၅ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး ကန်တင်ရာမှာ ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနောက် ထောင့်ကန်ဘော ထပ်မံကန်တင်ရာမှာ ဖိလစ်ပိုင် နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပြီးနောက် ပထမပိုင်း ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဆက်တိုက်ထိုးဖောက်ကစားခဲ့ပြီး ၅၈ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၇ သန်းသန်းထွေးက ၁ ဂိုး ထပ်မံသွင်းယူခဲ့လို့ ၂-၀ ဂိုးနဲ့ မြန်မာအသင်းက ဦးဆောင်နေပါတယ်။ ၇၀ မိနစ်မှာ မြန်မာအသင်း အလယ်တန်းက ဖိလစ်ပိုင်ဂိုးရှေ့ တင်ပေးလိုက်တာကို ကျောနံပါတ် ၁၈ ခေါင်းတိုက်သွင်းပေးမယ့် ဂိုးတိုင်ဘေးကနေ ထွက်သွားခဲ့ပါတယ်။ ၇၂ မိနစ်မှာ ဖိလစ်ပိုင်အလယ်တန်းက မြန်မာဂိုးဧရိယာအစပ်နား တင်ပေးတာကို ဖိလစ်ပိုင် ရှေ့တန်းကစားသမား ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၇၈ မိနစ်မှာ မြန်မာအသင်းဘက်က ကျောနံပါတ် ၁၈ တကိုယ်တော် ပြေးဆွဲပြီး ကန်သွင်းပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၈၄ မိနစ်မှာ ဖိလစ်ပိုင်းအသင်းက ထောင့်ကန်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၈၈ မိနစ်မှာ မြန်မာဘက်က ပြစ်ဒါဏ်ဘော ရရှိခဲ့ပြီး ဂိုးရှေ့ကန်တင်ရာမှာ ဖိလစ်ပိုင်ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီနောက် မိနစ် ၉၀ အထိ နှစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ပဲ ပွဲစဉ်ပြီးဆုံးသွားပါတယ်။ ဒီနေ့ ပွဲစဉ်တလျှောက်လုံး ဖိလစ်ပိုင် ဂိုးသမားဟာ မြန်မာအသင်းဘက်က ကန်သွင်းချက်တွေကို အတော်များများ ကာကွယ်နိုင်ခဲ့ပါတယ်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအေမှာ အိမ်ရှင်မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် အသင်တို့ ပါဝင်ပြီး အုပ်စုဘီမှာတော့ ထိုင်း၊ လာအို၊ မလေးရှား အသင်းတို့ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အာကစားပြိုင်ပွဲမှာတော့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ခြင်း မရှိခဲ့ပေ။ ၂၀၀၉ ခုနှစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုတော့ လာအိုနိုင်ငံမှာ ကျင်းပခဲ့ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုနဲ့ မလေးရှားအသင်းတို့ ၅ သင်းပတ်လည် အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာအသင်း ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပြီး ဗီယက်နမ်နဲ့ ထိုင်းအသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗီယက်နမ်က ၃-၀ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up