Home
မေးမြန်းခန်း
"ပြည်သူလူထုက ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတယ်"- NCA-S EAOs ပြောခွင့်ရ ဦးမျိုးဝင်း
DVB
·
August 13, 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုကိစ္စ၊ ကိုဗစ်ရောဂါအရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရတဲ့အခြေအနေ အပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အန်စီအေအပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (NCA-S EAOs)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အာဆီယံအထူးကိုယ်စားလှယ်ကို ကြိုဆိုတာနဲ့ပတ်သက်ပြီး ဘာကြောင့် ကြိုဆိုကြောင်း ထုတ်ပြန်တာလဲ။

ဖြေ။ ။ အဓိကကတော့ ကျနော်တို့တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးပေါ့နော်။ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက ပိုပြီးတော့ အဓိကကျတာပေါ့နော်၊ ဒါတော့ ဖြေရှင်းရမယ်၊ ကိုယ့်ဖာသာ ကိုယ်ဖြေရှင်းရမယ်၊ ကိုယ့်တိုင်းပြည်အခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးဖြေရှင်းမှုပုံသဏ္ဌာန်ကို ဖော်ရမှာကိုး၊ ဒါပေမဲ့လည်း ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကနေပြီးတော့မှ ရှိလာတဲ့အခွင့်အလမ်းပေါ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေး အခြေအနေကနေမှ တဆင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ကျတော့ ကျနော်တို့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနည်းကျတော့ အခက်အခဲက ရှိလာပြီလေ၊ အားလုံးလည်းမြင်တဲ့အတိုင်းပဲ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အာဆီယံကနေပြီးတော့ သဘောတူညီချက်ငါးချက် ချမှတ်ပြီးတော့မှ နိုင်ငံရေးပြဿနာတွေကိုရော၊ တိုင်းပြည်မှာရှိနေတဲ လူသားချင်းစာနာထောက်ထားမှု အခက်အခဲတွေကိုပါ ဖြေရှင်းနိုင်ဖို့အတွက် ကူညီဖို့အတွက် ဆိုတဲ့ဟာတွေကို ကြိုးပမ်းဖို့အတွက် ပါ၀င်ဆောင်ရွက်လာမှုအပေါ်မှာတော့ ကျနော်တို့ ဒါကို ကြိုဆိုတယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ ကြိုဆိုသလို အဲဒီလုပ်ငန်းစဉ်အပေါ်မှာလည်းပဲ တတ်နိုင်တဲ့ဘက်ကနေ ကျနော်တို့ နိုင်ငံရေးပြဿနာဖြေရှင်းရေးအတွက် ပါ၀င်ပြီးတော့ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့သဘောထား ဖော်ပြချင်တာ။ တပြိုင်နက်တည်းမှာပဲ ကြိုဆိုရင်းနဲ့ သဘောထားကို ထုတ်ပြောတာကတော့ အဲဒီ နိုင်ငံတကာရဲ့ ကြားဝင်ပါ၀င်ဆောင်ရွက်မှုဟာ ကျနော်တို့ တိုင်းပြည်ရဲ့လက်တွေ့ နိုင်ငံရေးအခြေအနေလိုအပ်ချက်နဲ့ ကိုက်ညီဖို့လည်း လိုတာဆိုတာကို ကျနော်တို့ သဘောထားကို တခါတည်းပြောတာပေါ့။ နိုင်ငံတကာ ပါ၀င်မှုသည်၊ ပံ့ပိုးမှုသည်၊ ပံ့ပိုးဆောင်ရွက်မှုသည် ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေ၊ အနေအထားနဲ့ကိုက်ညီတဲ့ စီစဉ်ဆောင်ရွက်မှု ဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာကို ဖော်ပြတာဖြစ်ပါတယ်။

မေး။ ။ ကိုဗစ်ကလည်း တကယ့်ကို ထိပ်တန်းအရေးကြီးနေတဲ့ကိစ္စ ဖြစ်နေတယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်လို့ရော အန်စီအေထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထား။

ဖြေ။ ။ ဒီကိစ္စကိုဆောင်ရွက်ဖို့ဆိုရင်တော့ ကျနော်တို့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးတော့မှ ကော်မတီတရပ် ဖွဲ့စည်းထားပြီးပြီပေါ့။ ထုတ်ပြန်ချက်အနေနဲ့လည်း ထုတ်ထားတယ်။ သဘောထားအနေနဲ့ ဖော်ပြထားတာပေါ့။ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့သဘောထားကတော့ ကိုဗစ်- ၁၉ ဟာ တတိုင်းပြည်လုံးရင်ဆိုင်နေရတဲ့ အရေးပေါ်ပြဿနာဖြစ်တယ်။ အရေးပေါ်ပြဿနာဖြစ်သလို အမျိုးသားလုံခြုံရေး၊ လူသားလုံခြုံရေးစိမ်ခေါ်မှုကို ထိပါးလာနေပြီဖြစ်လို့ တော်တော်လေးကြီးမားတဲ့ စိမ်ခေါ်မှုဖြစ်တယ်၊ အမျိုးသားရေးပြဿနာလို့ မြင်တယ်။ အဲဒီလို ပြဿနာမျိုးကို ဖြေရှင်းဖို့အတွက် ဆိုရင်တော့ တဦးကောင်း၊ တယောက်ကောင်းနဲ့တော့ လုပ်လို့မရဘူး၊ အားလုံးစုပေါင်းဖြေရှင်းနိုင်တဲ့အခြေအနေမျိုးကို ဖန်တီးဖို့လိုတဲ့အတွက် အင်အားစုအားလုံး၊ နိုင်ငံရေးအခြေမခံတဲ့ အင်အားစုအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့သဘောထားကိုလည်း ပြီးခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာ ပြောပြီးပြီ။ အခု ကျနော်တို့ ထပ်ပြောတာကတော့ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုတဲ့နေရာမှာ တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ သုံးစွဲရမှာဖြစ်သလို၊ စီစဉ်ရမှာဖြစ်သလို့ ဒါကိုဖြေရှင်းဖို့အတွက် နိုင်ငံတကာအကူအညီက အရေးတကြီးလိုအပ်နေပြီလို့ ရှုမြင်တယ်။"

" ဒါကြောင့်မို့လို့ ကာကွယ်ရေးပဲဖြစ်ဖြစ်၊ ကုသရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်...လုပ်တာပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးတာဖြစ်ဖြစ်၊ ဒီအရာအားလုံးအတွက်ဆိုရင်တော့ ကျနော်တို့လူထုတွေ လက်လှမ်းမီဖို့အတွက် အမြန်ဆုံးလိုပြီပေါ့။ အခုဆိုရင် သိတဲ့အတိုင်းပဲ အောက်ဆီဂျင်အိုးဖြစ်ဖြစ်၊ အောက်ဆီဂျင်ဖြစ်ဖြစ် ရှိသင့်ရှိထိုက်တဲ့စျေးထက် အဆမတန်ကြီးပြီးတော့ ဖြစ်နေတာဟာ သာမန်လူထု လက်လှမ်းမမီတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒါတွေကို မြန်မြန် နိုင်ငံတကာ အကူအညီရခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ ဒီပစ္စည်းတွေ ရရှိနိုင်အောင် အရေးကြီးတယ်။ ရရှိနိုင်ရေးကိုလည်းပဲ ကျနော်တို့ အီးအေအိုတွေအနေနဲ့ ကြိုးပမ်းမယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်။ ဒီကြိုးပမ်းတဲ့နေရာမှာလည်း နည်းလမ်းပေါင်းစုံပေါ့နော်၊ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီရယူနိုင်တဲ့ နည်းလမ်းတွေရှိမယ်။ တခြားနည်းလမ်းတွေလည်းရှိမယ်။ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းမယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်။"

မေး။ ။ အာဆီယံနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေက အယုံအကြည် နည်းနည်းနည်းနေတာရှိတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံအခြေအနေမှာလည်း စစ်အာဏာပိုင်တွေနဲ့ အတိုက်အခံအင်အားစုတွေကြားထဲမှာ ညှိနှိုင်းလို့ မရတော့လောက်အောင် လိပ်ခဲတည်းလည်း ကြီးဖြစ်နေတယ်ပေါ့။ တယောက်နဲ့တယောက် တင်းမာနေတာ ခြောက်လလောက်ရှိပြီ။ အာဆီယံကိုယ်စားလှယ်ကလည်း ဘရူနိုင်းနိုင်ငံကဆိုတော့ အားပျော့တယ်ပေါ့။ ဘယ်လောက်ထိအောင် အောင်မြင်ပါ့မလဲ။ အချိန်ဇယား Time Frame တွေရော မလိုအပ်ဘူးလား။ ဒီအပေါ် ဘယ်လိုသုံးသပ်မလဲ။

ဖြေ။ ။ "ခုန ကျနော်ပြောသလိုပေါ့။ ပြဿနာကို ဖြေရှင်းရာမှာ ကျနော်တို့ကိုယ်တိုင်က အဓိကပိုကျတာပေါ့။ နိုင်ငံတကာ၊ ယူအန် ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ် ဒါကတော့ နိုင်ငံတကာရဲဲ့ အကူအညီတွေ၊ ပံ့ပိုးမှုတွေ၊ ၀န်းရံမှုတွေလည်း လိုပါတယ်။ နည်းပညာအားဖြင့်လည်းကောင်း၊ ရန်ပုံငွေအားဖြင့်လည်းကောင်းလိုအပ်သလို အခုလို ကြားဝင်ဆောင်ရွက်ပေးမယ့် အစီအစဉ်ကလည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကြိုဆိုရပါမယ်။ ဒါပေမဲ့ ခုန ကျနော်ပြောသလိုပေါ့ ဒီကြိုဆိုရတယ်ဆိုပေမယ့် ဘာကြောင့် ပြည်သူလူထုက ယုံကြည်မှု နည်းသလဲဆိုတာ ကျနော်တို့ ထောက်ပြသလိုပေ့ါ၊ သူတို့ရဲ့ပါ၀င်မှုက ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့နိုင်ငံရေးလိုအပ်ချက်နဲ့ ကိုက်ညီရမယ်ဆိုတာကို ကျနော်တို့က မီးမောင်းထိုးပြထားတယ်‌။"

" အားလုံးသိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်ချတာနဲ့ လက်တွေ့အကောင်အထည်ဖော်တာဟာ အခုမှ အာဆီယံရဲ့ ဗမာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်က အခုမှ ခန့်နိုင်တာ၊ သုံးလလောက်ကြာမှ ခန့်အပ်နိုင်တယ်၊ ခုမှခန့်အပ်တယ်။  ပြီးရင်တခါ ချဦးမယ် Process၊ လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေး။ အဲဒီတော့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတယ်၊ ဖြေကိုဖြေရှင်းရမယ့်ကိစ္စ၊ ကိုယ့်အချင်းချင်း မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ နှစ်ဘက်စလုံး၊ သက်ဆိုင်သူအားလုံးကနေပြီးတော့မှ ကဲ - ငါတို့ အတူတကွဖြေရှင်းရအောင်ဆိုပြီးတော့ အတူတကွဖြေရှင်းနိုင်တယ်ဆိုရင်အကောင်းဆုံး၊ ဒါပေမဲ့ အဲဒါကလည်း အခက်အခဲရှိတယ်။ ဆိုလိုတာကတော့ အမြန်ဆုံးဆောင်ရွက်ရမယ့်ဟာကို ယူအန်ကူပါဦး၊ ဟိုနိုင်ငံကူပါဦး၊ ဒီနိုင်ငံ ကူပါဦး ဆိုတာကို ကျနော်တို့ အကူအညီတောင်းခံကြတာပဲ။ ဒါပေမဲ့ လက်တွေ့အခြေအနေအရတော့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဒီ အာဆီယံ ကြားဝင်ဖြေရှင်းရေးနည်းလမ်းကိုပဲ အားလုံးက ဝိုင်းပြီးတော့ တွန်းအားပေးနေကြတာကိုး။ တွန်းအားပေးနေတော့ ဒီနည်းလမ်းတခုကလည်းပဲ ကျနော်တို့ တိုင်းပြည်ဖြေရှင်းရေးအတွက် အထောက်အကူပြုတဲ့ ကြိုဆိုသင့်စရာ နည်းလမ်းတခုပေါ့။ ဒါပေမဲ့ သံသယဖြစ်တယ်ဆိုတာကလည်းပဲ၊ ကျနော်တို့ မယုံကြည်ဘူးဆိုတာကလည်းပဲ ချက်ခြင်းလက်ငင်းအကောင်အထည်ဖော်ရမယ့်ဟာကို ဒီလောက်ကြာနေတဲ့အနေအထားရယ်၊ တကယ်လည်း ဖြတ်သန်းခဲ့တဲ့ခရီးတွေအပေါ်မှာ နိုင်ငံတကာရဲ့ပါ၀င်မှုဟာ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းရေးမှာ ဘယ်လောက်ထိ အောင်မြင်ခဲ့ဖူးသလဲပေါ့နော်။ အဲဒီအနေအထားပေါ်မှာ မူတည်ပြီးတော့ စိုးရိမ်မှုတော့ရှိတာပေါ့၊ သံသယတော့ရှိတာပေါ့။ ဒါပေမယ့် တဖက်ကတော့ ဘာမှမရှိတာထက်စာရင် အဲလိုနည်းလမ်းကလည်းပဲ ကြိုးပမ်းဖို့အတွက်ကို အထောက်အကူပြုနိုင်တယ်ဆိုတဲ့စိတ်နဲ့လည်းပဲ ကြိုဆိုရမှာပေါ့နော်။ သံသယရှိပေမယ့်လည်းပဲ တဖက်က ဆောင်ရွက်လာမှုအခြေအနေကိုလည်းပဲ သတိကြီးကြီးနဲ့ကြိုဆိုရမှာပေါ့နော်၊ ကြိုးပမ်းကြည့်ရမှာပေါ့။ မရှိတာထက်စာရင် ဒီနည်းလမ်းကတော့ ပြဿနာဖြေရှင်းနိုင်ရေးအတွက် အထောက်အကူပြုတာပေါ့နော်။"

မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရကို တချို့နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးအကူအညီပေးတယ်ကြားတယ်။ လွတ်မြောက်နယ်မြေက ပြည်သူတွေက ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ဆောင်ရွက်နိုင်မယ့်အခြေအနေလေးတွေ သိပါရစေ။

ဖြေ။ ။ အန်ယူဂျီနဲ့ အကောင်အထည်ဖော်နေတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုမေးတာ ပိုကောင်းတာပေါ့။ ကျနော်တို့က ကြားပါတယ်ဆိုပြီး ဖြေရမယ့်အနေအထားမို့ လွဲချော်မှုဖြစ်သွားရင် မကောင်းဘူးပေါ့။ သေချာတာကတော့ ကျနော်တို့က အကူအညီပေါ့နော်၊ ကျနော်တို့ပြည်သူတွေ အကူအညီ ရရှိနိုင်ရေးကိုတော့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြရမယ်။ ဘယ်သူပဲ ကြိုးစား၊ ကြိုးစား ကြိုးစားလို့ရရှိလာတဲ့ အကူအညီပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ် ပြည်သူလထက်ထဲ မြန်မြန်ရောက်ဖို့ အရေးကြီးတယ်လို့ ပြောချင်တယ်။"

မေး။ ။ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတယ်။ ပြည်သူနဲ့ စစ်အာဏာပိုင်တွေနဲ့က ထိပ်တိုက်ကိုတွေ့နေကြတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၀ ကျော်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်မှုဟာ တင်းမာမှုတွေ လျော့ပါးစေမလား၊ ပိုမိုတင်းမာ ဝေးကွားသွားစေမလားဆိုတာကို အီးအေအိုတွေအနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။ "ရွေးကောက်ပွဲရလဒ်ကို (စစ်ကောင်စီက) ပယ်ဖျက်လိုက်တာက ဗမာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေတယ်ဆိုတာက ကျနော်တို့သဘောထားပေါ့။ ဆိုလိုတာက တိုင်းပြည်တခုမှာ ဒီမိုကရေစီစနစ်တရပ်မှာ ရွေးကောက်ပွဲနိုင်ငံရေးဆိုတာကတော့ တကယ်ကို ဖြတ်သန်းရမယ့် ခရီးတခုဖြစ်တာကိုး၊ တကယ်အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ဖြစ်တာပေါ့။ ရွေးကောက်ပွဲဆိုတာကလည်းပဲ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကလည်းရှိတာပဲ။ ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ရင့်ကျက်နေတဲ့ တိုင်းပြည်ဖြစ်ဖြစ် ရွေးကောက်ပွဲပြဿနာတွေက ရှိတာပဲ။ အမေရိကန်မှာတောင်၊ တကယ် ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင်ရှိခဲ့တာပဲ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ရှိလာတဲ့ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်းက ပိုပြီး အဓိကကျတယ်။ အဲဒါကြောင့်မို့လို့ ဆိုလိုတာကတော့ ရွေးကောက်ပွဲကြောင့်ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို ကျနော်တို့ စကတည်းက တောင်းဆိုခဲ့တာက ရွေးကောက်ပွဲကြောင့်ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို သတ်မှတ်ထားတဲ့၊ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ရှိနေတဲ့ ဥပဒေဘောင်ထဲကနေ ရှင်းပါလို့ ကျနော်တို့ တလျှောက်လုံး သဘောထားကို ပြောခဲ့တာပေါ့နော်။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်ချင်မှကြိုက်မယ်၊ ရွေးကောက်ပွဲဥပဒေတွေရော အားနည်းချက် လိုအပ်ချက်တွေ အများကြီးပဲ၊ ဒါပေမယ့် Rule of the Game ပေါ့၊ ရှိတာနဲ့ ဥပဒေစည်းမျဉ်းနဲ့ အဲဒီဘောင်ထဲကနေရှင်းကြဖို့ တလျှောက်လုံးတောင်းဆိုခဲ့တယ်။ မဖြစ်လာခဲ့ဘူး။ "

"အခု အာဏာသိမ်းမှုတွေဖြစ်လာတယ်။ အဲဒီနောက်ဆက်တွဲက အခု နိုင်ငံရေးအကျပ်အတည်းက ထပ်ဖြစ်တယ်။ ဒီနိုင်ငံရေးအကျပ်အတည်းပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးပြဿနာတွေဖြစ်တယ်။ ခုဆိုရင် ကိုဗစ် ပြဿနာပေါ့။ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေက တသီတတန်းကြီးဖြစ်လာတာပေါ့ ကျနော်တို့တိုင်းပြည်မှာ။ ဆိုလိုတာကတော့ ဒီနေ့ကာလ ကျနော်တို့ရင်ဆိုင်နေရတဲ့ တိုင်းပြည်ရဲ့ပြဿနာဟာ အကြီးမားဆုံးစိန်ခေါ်မှုကြီးကို ဖြတ်သန်းနေရတဲ့ကာလမှာ နိုင်ငံရေးရော၊ စီးပွားရေးရော၊ လူမှုရေးရာရော၊ ဒီကြားမှာ ရောဂါကပ်ပေါ့ တပြိုင်နက်ရင်ဆိုင်ခဲ့ရတာကို ကျနော်တို့ ပြည်သူလူထုက တော်တော်လေးကို ကြီးမားတဲ့ စိန်ခေါ်မှုနဲ့သွားနေတာ။ အဲဒီတော့ ကျနော်တို့မြင်တာကတော့ ဒီလိုမျိုးကြေညာခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုလည်း နောက်ပြန်ဆုတ်စေသလို ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်မှာလည်း ပြည်သူယုံကြည်မှုကိုလည်း လျော့စေတယ်။ နိုင်ငံရေးဘောင်ကို ချဲ့ရမဲ့အခြေအနေမှာမှ ရွေးကောက်ပွဲနိုင်ငံရေးလုပ်ငန်းစဉ်၊ ပါတီနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုယုံကြည်မှုကို ပိုပြီးတော့ အားနည်းသွားစေမယ်၊ နောက်ပြန်ဆုတ်သွားစေမယ်။ ပြီးတော့ ဒီအကျပ်အတည်း ဖြေရှင်းဖို့အတွက်ကို၊ နိုင်ငံရေးနည်းအရ နိုင်ငံရေးပြဿနာကို၊ ဒီအကျပ်အတည်းဖြေရှင်းဖို့အတွက်ကိုလည်းပဲ ကြီးမားတဲ့အဟန့်အတားဖြစ်စေလိမ့်မယ်။ အဲလိုမျိုးကိုလည်း ကျနော်တို့စိုးရိမ်တာပေါ့နော်။ ကျနော်တို့သဘောထားက အဲလိုပဲမြင်ပါတယ်လို့။ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေက သူတို့သဘောထားကတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ အမြင်တော့မတူဘူးပေါ့။ ဒါက ကျနော်တို့ အမြင် သဘောထားကတော့ ကြေညာချက်ထဲမှာ ပြောခဲ့တာပေါ့။"

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024