၄၄ လမ်းတိုက်ပေါ်ခုန်ချသေဆုံးသွားသည့် မဝေဝေမြင့်၏ အလောင်းကို မီးသင်္ဂြိုဟ်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊  ၄၄ လမ်း ဖမ်းဆီးမှုဖြစ်စဉ်မှာ တိုက်ပေါ်မှ ခုန်ချကွယ်လွန်ခဲ့တဲ့ မဝေဝေမြင့်ရဲ့ ရုပ်အလောင်းကို ဩဂုတ် ၁၂ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကျူချောင်သုဿန်မှာ စစ်ကောင်စီက မီးသင်္ဂြိုဟ်လိုက်ပါတယ်။

စစ်တပ်က မိသားစုဝင်တွေကို ရုပ်အလောင်းခေါ်ပြပြီး ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပြီး အရိုးပြာ ကောက်ခွင့်တောင်မရခဲ့ဘူးလို  မဝေဝေမြင့်ရဲ့ခင်ပွန်း ဒေါက်တာစိုးမြတ်သူက ပြောပါတယ်။ 

"ရုပ်အလောင်းကိုတော့ တွေ့လိုက်ရတယ်။ ဖြစ်စေချင်တဲ့အတိုင်း သင်္ဂြိုဟ်ခွင့်တော့မရခဲ့ဘူး။ ကျနော့်ကို ရုပ်အလောင်းထုတ်ပြတယ်။ ပြီးတော့ ချက်ချင်း သင်္ဂြိုဟ်လိုက်တယ်။ အရိုးပြာတောင်ကောက်ခွင့်မပေးပါဘူး။"

ကျူချောင်းသုဿန်မှာ မဝေဝေမြင့်ရဲ့ရုပ်အလောင်းအပါအဝင် စုစုပေါင်းရုပ်အလောင်း ၄ ခု တွေ့ခဲ့ရပေမယ့် ဘယ်သူတွေဆိုတာတော့ ကြည့်ခွင့်မရခဲ့ဘူးလို့ ဒေါက်တာစိုးမြတ်သူကပြောပါတယ်။

ရုပ်အလောင်းတွေကိုပတ်ထားတဲ့ ပိတ်ဖြူတွေမှာ သွေးစွန်းနေတာကိုပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ရုပ်အလောင်းတွေအတွက် မိသားစုဝင်တွေလာတာမတွေ့ရသလို ဘာကြောင့်ဘယ်လိုသေဆုံးတယ်ဆိုတာကို စစ်ကောင်စီဘက်က ရှင်းပြတာမျိုးမရှိခဲ့ပါဘူး။ 

ဒေါက်တာစိုးမြတ်သူက"ကျနော့် အမျိုးသမီးရုပ်အလောင်းနဲ့အတူ ရုပ်အလောင်းလေးခုချထားတယ်။ ကျနော့်အမျိုးသမီးက ဒုတိယရောက်တာ။ အရှေ့မှာ တစ်ယောက်ရောက်နေတယ်။ အဲ့တစ်ယောက်ရဲ့ခြေထောက်မှာတော့ သွေးစွန်းနေတာ တွေ့ရတယ်။ အဝတ်စပိတ်ဖြူစမှာ သွေးစွန်းနေတာ တွေ့ရတယ်။ ကျနော့် အမျိုးသမီးအနောက်ကနေ နောက်ရုပ်အလောင်းနှစ်ခု ထပ်ရောက်တယ်။ ဘယ်သူမှန်းတော့မသိဘူး။ သူတို့မျက်နှာတွေကို ထုတ်မပြဘူး။ အဲ့ရုပ်အလောင်းတွေအတွက် မိသားစုလည်းမတွေ့ရဘူး။ တခြားမိသားစုတွေလာတာမတွေ့ရဘူး။ ကျနော်တို့ မိသားစုတွေပဲရှိတယ်။"လို့ ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့၊ ကျူချောင်းသုသာန်မှာ စစ်ကောင်စီလမ်းကြောင်းတွေရှိနေပြီး ရဲသင်တန်းကျောင်းက နာရေးတွေ ဆောင်ရွက်တာမျိုးလည်းရှိနေတယ်လို့ သုသာန်နဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

သုသာန်တာဝန်ရှိသူတွေကို ဆက်သွယ်တဲ့အခါမှာလည်း ပြောဆိုခွင့်ပိတ်ပင်ထားတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အတွက် သတင်းအချက်အလက်အတိအကျရဖို့ခက်တယ်လို့ ကျူချောင်သုသာန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သြဂုတ် ၁၀ ရက် ညနေပိုင်းက  ဗိုလ်တထောင်မြို့နယ်၊  ၄၄ လမ်း အောက်ဘလောက်က တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အတွက် လူငယ်တွေ တိုက်ပေါ်ကနေ ထွက်ပြေး ခုန်ချခဲ့ ကြတာပါ။

ဒီဖြစ်စဉ်မှာ နှစ်ဉီးသေဆုံး၊ သုံးဉီးဒဏ်ရာရ၊ ၃ ဦးဖမ်းဆီးခံရတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက  ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြလူငယ်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ တိုက်ပေါ်က ခုန်ချခဲ့တဲ့ လူငယ်ငါးဉီးစလုံးသေဆုံးသွားခဲ့တယ်လို့ပြောပါတယ်။ သေဆုံးသူတွေထဲကနှစ်ယောက်ဟာ နေရာမှာတင်သေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ မသေဆုံးခင် ရိုက်နှက်ခံခဲ့ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up