တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီလောက်က ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီး ရဲတပ်ကြပ် တစ်ဦးကို သေနတ်နဲ့ သုံးချက် ပစ်ခတ်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) အဖွဲ့က ထုတ်ပြန်ပါတယ်။
သေနတ်ပစ်ခံရသူမှာ ရဲတပ်ကြပ် အောင်ဇင်ဌေးဖြစ်ပြီး သေနတ်သုံးချက်ထိမှန်ခဲ့ပေမယ့် သေဆုံးခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ရဲတပ်ကြပ်အောင်ဇင်ဌေးဟာ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းချိန်နဲ့ ဆန္ဒပြရာမှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ ပါဝင်လေ့ရှိတယ်လို့ လည်းသိရပါတယ်။