မြန်မာက တီမောကို ၃ – ၁ ဂိုးဖြင့် အနိုင်ရရှိ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု ဘီရဲ့ ပွဲစဉ် မြန်မာအမျိုးသားဘောလုံး အသင်းနဲ့ အရှေ့တီမောအသင်းတို့ ဒီနေ့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ M1မြန်မာနဲ့ တီမောအသင်းတို့ဟာ ပွဲစစချင်း နှစ်ဖက်အပြန်လှန် ထိုးဖောက်ကစားခဲ့ကြသလို ပွဲကလည်း ကြည့်ကောင်းခဲ့ပါတယ်။ ၁၂ မိနစ် ၃၄ စက္ကန့်မှာတော့ မြန်မာဘက်က တီမောဂိုးဧရိယာ အရှေ့နားမှာ ပြစ်ဒဏ်ဘောရှိခဲ့ပြီး ကျော်ဇေယျာဝင်း ကန်သွင်းရာမှာ ဂိုးဝင်ခဲ့ပါတယ်။ ၁၈ မိနစ် ၄၂ စက္ကန့်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ထပ်မံရရှိခဲ့ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၂၂ မိနစ်မှာ ကွင်းလယ်ကစားသမား ဒေးဗစ်ထန်း တကိုယ်တော်ပြေးဆွဲပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးရဲ့ ညာဘက်ဘေးကနေ ထွက်သွားပါတယ်။ ၃၂ မိနစ်မှာ မြန်မာဘက်က အလယ်တန်းကစားသမား နေလင်းထွန်း တီမောကစားသမားကို ပြစ်ဒဏ်ဘော ကျူးလွန်လို့ အ၀ါကတ် အပြခံခဲ့ရပါတယ်။ ၃၃ မိနစ်မှာ တီမောအသင်းက ရရှိတဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့ပါတယ်။ ၃၅ မိနစ်မှာ မြန်မာအသင်းဘက်က တိုက်စစ်မှူး ကျော်ကိုကို ညာဝင်းကနေဆွဲပြေးပြီး တီမောနောက်ခံလူကိုလိမ်ခေါက် ကန်သွင်းပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၃၆ မိနစ်မှာတော့ တီမောအသင်းဘက်က ခြေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ၄၀ မိနစ် ၃၀ စက္ကန့်မှာ မြန်မာအသင်းဘက်က ကျောနံပါတ် ၇ ဂိုးရှေ့တည့်တည့် ကန်သွင်းခွင့်ရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ဒီနောက် နှစ်ဖက်အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပထမပိုင်း ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းစပြီး ၄၈ မိနစ်မှာ တီမောအသင်းဘက်က ထောင့်ကန်ဘောရရှိခဲ့ပေမယ့် မြန်မာအသင်း ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၅၃ မိနစ်မှာတော့ မြန်မာဂိုးဧရိယာအစပ်မှာ တီမောအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို တီမောအသင်းဘက်က ကျောနံဘတ် ၂၀ ကန်သွင်းတာကို မြန်မာဂိုးသမား ပြည့်ဖြိုးအောင် ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၅၇ မိနစ်မှာ မြန်မာဘက်က ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ပစ်ဒဏ်ဘောကို မြန်မာဘက်က ကျောနံပါတ် ၈ ကန်သွင်းပေမယ့် တီမော နောက်ခံလူတွေနဲ့ ထိပြီး ထွက်သွားခဲ့ပါတယ်။ ၆၆ မိနစ်မှာတော့ မြန်မာအသင်းဘက်က ဒေးဗစ်ထန်းကို ထုတ်ပြီး သိန်းသန်းဝင်းကို ထည့်သွင်းခဲ့ပါတယ်။ ၆၈ မိနစ်မှာ မြန်မာအသင်းဘက်က ပင်နယ်တီရရှိခဲ့ပြီး ကျောနံပါတ် ၁၀  ကျော်ကိုကို ကန်သွင်းရာမှာ ဂိုးဝင်ခဲ့ပြီး မြန်မာအသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ၇၇ မိနစ်မှာ မြန်မာအသင်းဘက်က ကျောနံပါတ် ၈ ကြည်လင်းက ၁ ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ မိနစ် ၈၀ မှာ တီမောအသင်းဘက်က ပြစ်ဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ပြီး ခေါင်းတိုက်သွင်းပေမယ့် ဂိုးစည်းအပြင်ဘက်ကို ထွက်သွားပါတယ်။ ၈၄ မိနစ်မှာတော့ မြန်မာအသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းအစား ကျနော်နံပါတ် ၅ ရန်အောင်ဝင်း ၀င်ရောက်ကစားခဲ့ပါတယ်။ ဒီနောက် မြန်မာအသင်းဘက်က ဆက်တိုက်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲစဉ်ပြီးဆုံးသွားပါတယ်။ အုပ်စုဘီရဲ့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယား အသင်တို့ပွဲစဉ်မှာတော့ အင်ဒိုနီးရှားက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ဘီရဲ့ ပထမပွဲစဉ်မှာ ကမ္ဘောဒီးယားကို ၃-၀၊ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဒီနေ့မှာ အရှေ့တီမော်ကို ၃-၁ ဂိုးနဲ့ ၂ ပွဲ အနိုင်ကစားအပြီး ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အုပ်စုအေ ပွဲစဉ်တွေဖြစ်တဲ့ ဘရူနိုင်းနဲ့ မလေးရှား၊ ဗီယက်နမ်အသင်းနဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အမျိုးသမီးပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ မန္တလေးမြို့ သီရိအားကစားကွင်းမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအေမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ ကျရောက်နေပြီး အုပ်စုဘီမှာတော့ ထိုင်း၊ လာအိုနဲ့ မလေးရှား အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ ​ပြီး​ခဲ့​တဲ့ ၂၀၁၁ ​ခု​နှစ် ​အင်​ဒို​နီး​ရှား​နိုင်​ငံ​မှာ ​ကျင်း​ပ​တဲ့ ၂၆ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ​မှာ​တော့ ​မြန်​မာ​အ​မျိုး​သား​ဘော​လုံး​အ​သင်း​ဟာ ​တ​တိ​ယ ​ကြေး​တံ​ဆိပ်​ဆု ​ရ​ရှိ​ခဲ့​ပါ​တယ်။ အမျိုးသမီးပွဲစဉ်တွေကိုတော့ ထည့်သွင်းကျင်းပခဲ့ခြင်း မရှိခဲ့ပေ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up