ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဩဂုတ် ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်လူနာ ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၃ ဦးထိရှိလာပြီလို့ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာက ၂၀ ကျော် ထပ်တိုးတွေ့ရှိတာကြောင့် စုစုပေါင်း ၆၅၀ ကျော်ရှိလာပြီလို့ မြို့နယ်ကုသရေး ဦးစီးဌာန တာ၀န်ရှိသူတွေဆီကနေ သိရပါတယ်။
မဒိန်ကျေးရွာက ဆီးချိုရောဂါအခံရှိတဲ့ ကချင်အမျိုးသမီးကြီး ၁ ဦး၊ ရက်ကွက် ၄ က အဖွားအို ၁ ဦးနဲ့ ဝါးရှောင်ကျေးရွာက ၁၉ နှစ်အရွယ် ကုန်ကားမောင်း လူငယ် ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေကို နေ့ချင်းပြီး သက်ဆိုင်ရာ ဘာသာရေးထုံးတမ်းနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဝိုင်းမော်မြို့မှာ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၆၅၀ ကျော်ရှိလာပြီလို့ မြို့နယ်ကုသရေးဦးစီးဌာန ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။