ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူပေါင်း ၂၃၉၇ ဦးရှိတယ်လို့ မြို့နယ်ကိုဗစ်-၁၉ ရုံးအဖွဲ့က သိရပါတယ်။
ဒါဟာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဩဂုတ်လ ၉ ရက် နေ့ထိ ကူးစက်ခံရသူဦးရေဖြစ်ပြီး အဲဒီထဲမှာ တောင်ကြီးမြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက ရဟန်းသံဃာ၊ သီလရှင်နဲ့ ကိုရင်လေးတွေပါ ပါဝင်တယ်လို့ ကိုဗစ်- ၁၉ ရုံးတာဝန်ခံက ပြောပါတယ်။
ကူးစက်ခံရသူတွေထဲမှာ သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသွားသူပေါင်း ၁၃၄၇ ဦးရှိပြီး သေဆုံးသူ ၁၅၀ ဦးရှိပါတယ်။
ပိုးကူးစက်ခံရသူတွေကို တောင်ကြီးမြို့ မိခင်နှင့်ကလေးဆေးရုံ၊ ကွန်ပြူတာတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အားကာသိပ္ပံ(အေးသာယာ)၊ အထကစက်မှုဇုံ၊ မိုးကုတ်ဝိပဿနာကျောင်းတိုက်တွေမှာထားရှိပြီး ရောဂါပြင်းထန်တဲ့လူနာတွေကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၉ ရက်က ပိုးတွေ့ရှိသူ ၄၇ ဦးရှိပြီး တောင်ကြီးမြို့ပေါ်က ၃၅ ဦး၊ အေးသာယာမြို့က ၄ ဦးနဲ့ ရွှေညောင်က ၈ ဦးဖြစ်ကြောင်း၊ ဒီကနေ့ ဩဂုတ် ၁၀ ရက်အတွက်တော့ စာရင်းတွေအပြည့် အစုံ ရောက်မလာသေးဘူးလို့ ရုံးတာဝန်ခံက ပြောပါတယ်။