Home
မြန်မာသတင်း
စိုက်ပျိုးရေးသွင်းအားစုဈေး နှစ်ဆမြင့်တက်မှုကြောင့် လယ်သမား‌များ အခက်အခဲကြုံ
DVB
·
August 10, 2021

၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးကြမယ့် တောင်သူလယ်သမားတွေဟာ စိုက်ပျိုးရေး သွင်းအားစု တွေ ဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဈေးတွေ အရင်နှစ်ကထက် ထက်ဝက်ကျော် မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေကြပါတယ်။ 

လယ်သမားအများစုဟာ ကိုယ်ပိုင်အရင်းအနှီးတတ်နိုင်သူက သုံးပုံတပုံသာရှိပြီ်၊ ကျန်နှစ်ပုံက ငွေတိုးယူ၊ စပါးချင် (စပါးကြိုရောင်း) ငွေယူပြီး လယ်ယာအရင်းအနှီး စိုက်ထိုး လုပ်ကိုင်နေကြရတာလို့ ဝက်လက်မြိုနယ် ဒေသခံလယ်သမားတစ်ဦးကပြောပါတယ်။ 

“အရင်နှစ်က မြေဆီဈေးက တစ်သောင်းခုနစ်ထောင်၊ တစ်သောင်းရှစ်ထောင်တန်က၊ သုံးသောင်းခွဲလောက်အထိ ဖြစ်ပြီး၊ နှစ်သောင်းသုံးလေးထောင်တန်က ငါးသောင်းခွဲအထိ ဓာတ်မြေဩဇာဈေးတွေက တအားတက်သွားတာ၊ ဒါတောင် လက်ငင်းဝယ်နိုင်မှ အရင်ကလို သီးနှံပေါ်ပေး မရောင်းတော့ဘူး။ အဲဒီလိုဆိုတော့ လယ်သမားက ဘယ်လိုလုပ်တွက်ခြေကိုက်မှာလဲ အခြားလုပ်တတ်စရာမရှိလို့သာ ကြိတ်မှိတ်လုပ်ကြရတာ။ သီးနှံပေါ်ချိန်စပါးဈေးက ဘာမှန်း မသိတော့ စိတ်ကူးယဉ်လို့လဲမရဘူး၊ ပြီးမှ ဘီလူးထွက်ထွက်၊ မျောက်ထွက်ထွက် လုပ်ကြရတာပဲ။” 

လယ်ယာသွင်းအားစုပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေးကို ခါတိုင်းနှစ်မှာ သီးနှံပေါ်ပေးစနစ်နဲ့ ဝယ်ယူကြလို့ရပေမဲ့ အခုနှစ်မှာတော့ ဈေးမြင့်တဲ့အပြင် လက်ငင်းငွေချေ စနစ်နဲ့သာ ရောင်းချတော့တာဖြစ်လို့ အရင်းအနှီးမတတ်နိုင်တဲ့ တောင်သူလယ်သမားတွေအတွက် အခက်ကြုံနေကြရတာပါ။

ရွှေဘိုမြို့နယ် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင် တာဝန်ရှိသူတဦးက “မြေဆီနဲ့ တခြားစိုက်ပျိုးရေးဆေးတွေက ကျနော်တို့ ဝယ်ရတာကို ဈေးတွေတက်နေတာ တရုတ်ဘက်၊ ထိုင်းဘက်က ပစ္စည်းအဝင်နည်းလို့ ပြောတာပဲ။ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီတွေကလည်း အရင်က သီးနှံပေါ်ပေး ဆိုင်ကို လာတင်တယ်။ အဲလိုဆိုတော့ ကျနော်တို့ကလည်း သီးနှံပေါ်ပေး ပေးနိုင်တာပေါ့။ အခု သူတို့ကလည်း လက်ငင်းစနစ်မှဆိုတော့ ကျနော်တို့လည်း အဲဒီလောက် ရင်းနှီးမြှုပ်နှံနိုင်တာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် မပေးနိုင်တော့ဘူး။ ရှင်းရှင်းပြောရရင် နိုင်ငံရေး မတည်ငြိမ်မချင်း ဘယ်သူမှ လက်လွှဲ မပေးရဲကြတော့ဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စပါးဈေး ကမောက်ကမဖြစ်တာ၊ အရောင်းအဝယ်သွက်လက်မှု မရှိတာနဲ့ သွင်းအားစုဈေးတွေ အဆမတန်မြင့်လာတာတွေကြောင့် လယ်သမားတွေ စပါးစိုက်ဖို့ အခက်အခဲကြုံနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးစပါးစိုက်ဧက ၁၄ သန်းခွဲလောက် စိုက်ပျိုးပြီး စပါးတန်ချိန် ၁၉ သန်းခွဲခန့်အထိ ထုတ်လုပ်နိုင်ကာ စပါးထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို မိုးရာသီမှာပဲ စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024