
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာနဲ့ မူရိုးကုန်းကျေးရွာကြား ဆိတ်ကျောင်းစားကျက်မှာ ဩဂုတ် ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိတ်ကောင်ရေ ၃၀ ကျော် သေဆုံးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ယာဉ် ၂ စီး ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေ၊ ဆိုင်ကယ်တွေကို မီးရှို့ ဖျက်ဆီးခဲ့သလို ဆိတ်တွေကိုလည်း ပစ်သတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဩဂုတ် ၉ ရက်နေ့ နေ့လယ်လောက်က ကျနော်တို့ မူရိုးကုန်းရွာအတွင်း ဝင်ရောက်ဖျက်ဆီးပြီး အားရလို့ ဒီကောင်တွေ နများရွာကို မသွားခင် လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ၊ ဆိတ်ကျောင်းနေတဲ့ ဆိတ်အုပ်ကြားကျပြီး နေရာတင် အကောင် ၃၀ လောက် ပွဲချင်းပြီး သေဆုံးတယ်ဗျ။ ဒဏ်ရာရတဲ့ အကောင်တွေလည်း ရှိတယ်ဗျာ။ ဒီလိုမျိုးလုပ်ရပ်တွေ ဒီကောင်တွေ အတော်လုပ်တာ။ ဘယ်ကောင်ကမှ အရေးမယူကြဘူး။”
ဒီပဲယင်းဟာ လယ်စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ မြို့နယ်ဖြစ်ပြီး အခုအချိန်ဟာ မိုးဦးကောင်းစိုက်ရတဲ့ရာသီ ဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက ရွာတွေထဲဝင် မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပြီး လယ်ယာစိုက်ပျိုးဖို့ အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လယ်မြေကိုလာတဲ့ ကောက်စိုက်သမတွေရဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေသလို ကျေရွာအတွင်း နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေပြီး ရွှေငွေနဲ့ လက်ဝတ်ရတနာတွေကိုလည်း ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။