နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ကို စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးဘာသာအသီးသီးမှ ဘာသာရေးနဲ့ လူမျိုးရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ် ၈ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဘာသာပေါင်းစုံ အတူလက်တွဲပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းတို့ကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စုံလင်ကွဲပြားတဲ့ လူမျိုးဘာသာတွေအကြား ခွဲခြားဆက်ဆံမှုတွေ ပပျောက်ပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လက်တွေ့ကျင့်သုံးခွင့်တို့ကို အာမခံတဲ့ လွတ်လပ် တရားမျှတတဲ့ လူမှုဝန်းကျင်သစ်တစ်ခု ဖော်ဆောင်ဖို့လည်း ရည်မှန်းထားတယ်လို့ဆိုပါတယ်။
မတရားအာဏာလုယူထားတဲ့ စစ်ကောင်စီကို အုပ်ချုပ်သူအစိုးရအဖြစ် လုံးဝ အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထောက်ခံကြောင်းနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ဘာသာရေးကွန်ရက်က တောင်းဆိုပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို စစ်အုပ်စုက လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူများအား ဒုက္ခပင်လယ်ဝေစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကို ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ အမြန်ဆုံးကြားဝင်ဖြေရှင်း ဆောင်ရွက်ပေးဖို့လည်း ကွန်ရက်က တောင်းဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ကြတဲ့ လူမျိုးပေါင်းစုံအင်အားစုတွေကို အားပေးထောက်ခံပြီး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ထုတ်ပြန်ထားပါတယ်။